Sunday, October 30, 2011
ဗုဒ္ဂ္ဓ ဘာသာလူငယ်များအတွက်ပါ
အပါယ် လေးပါး
၁။ ငရဲ .............................ချမ်းသာမှုကင်းခြင်း၊
၂။ တိရိစ္ဆာန် .....................ကောင်းကင်ကိုကျောပေး သွားလာသောသတ္တ၀ါ၊
၃။ ပြိတ္တာ .........................အမြဲ ငတ်ပြတ်ခြင်း၊
၎။ အသူရကာယ် ...............ရဲရင့်ခြင်း ကင်းမှု၊
ကပ် သုံးပါး
၁။ ဒု ဗ္ဘိက္ခရကပ်..................ငတ်မွတ်ခေါင်းပါးဘေး၊
၂။ သတ္ထ န္တရကပ်................လက်နက်ဘေး၊
၃။ ရောဂ န္တရကပ်.................အနာရောဂါဘေး၊
ရပ်ပြစ် ရှစ်ပါး
၁။ ငရဲ..............................ချမ်းသာမှုကင်းခြင်း၊
၂။ တိရိစ္ဆာန်......................ကောင်းကင်ကိုကျောပေး သွားလာသောသတ္တ၀ါ၊
၃။ ပြိတ္တာ..........................အမြဲငတ်ပြတ်ခြင်း၊
၎။ မိစ္ဆာဒိဌိ........................အယူမှား အမြင်မှားခြင်း၊
၅။ ပစ္စ န္တရာဇ်.....................ရတနာသုံးပါး မရှိသောအရပ်၊
၆။ အရူပဗြဟ္မာဘုံ...............ရုပ်ရှိလျှင်နာမ်မရှိ/ နာမ်ရှိလျှင်ရုပ်မရှိသောဘုံ၊
၇။ ဒွိဟိတ်ပုဂ္ဂ္ဂ္ဂိ္ဂိုလ်.................ဥာဏ်မရှိတဲ့ပုဂ္ဂိုလ်၊
၈။ ဥာဏ်ရှိသော်လည်း ဘုရားမပွင့်သော ကမ္ဘာတွင်ဖြစ်ရခြင်း၊
ရန်သူမျိုး ငါးပါး
၁။ မင်းဧကရာဇ်
၂။ ရေ
၃။ မီး
၎။ ခိုးသူ
၅။ အမွေခံ သားဆိုး/ သမီးဆိုး
ဝိပတ္တိတရား လေးပါး
၁။ ကာလ ၀ိပတ္တိ..................အခါ/ကာလ ဖေါက်ပြန်ခြင်း၊
၂။ ကတိ ၀ိပတ္တိ....................ဘုံဌာန ဖေါက်ပြန်ခြင်း၊
၃။ ဥပဓိ ၀ိပတ္တိ.....................ဥပတိရုပ် ဖေါက်ပြန်ခြင်း၊
၎။ ပရောဂ ၀ိပတ္တိ.................လုပ်ဆောင်မှု ဖေါက်ပြန်ခြင်း၊
ဗျသနတရား ငါးပါး
၁။ ညာတိ ဗျသန..................ဆွေမျိုးသားချင်းများ ပျက်စီးခြင်း၊
၂။ ရောဂ ဗျသန...................အနာရောဂါ ဖြစ်ခြင်း၊
၃။ ဘောဂ ဗျသန..................ဥစ္စာစည်းစိမ် ပျက်စီးခြင်း၊
၎။ သီလ ဗျသန.....................အကျင့်သီလ ပျက်စီးခြင်း၊
၅။ ဒီဌိ ဗျသန.........................အယူမှန် ပျက်စီးခြင်း၊
ခင်ပွန်းကြီး ( ၁၀ ) ပါးအားပြစ်မှားသူတို့ ကြံရမည့်ဒဏ် (၁၀ ) ပါး
ခင်ပွန်းကြီး ( ၁၀ ) ပါးအားပြစ်မှားသူတို့ကြုံရမည့်ဒဏ် ( ၁၀ )ပါး
၁။ ပြင်းတန်သော ဦးခေါင်းနာ စသည့် ဝေဒနာများဖြစ်ခြင်း
၂။ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း
၃။ လက်၊ ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါပျက်စီးခြင်း
၎။ ကုသလို့ မရနိုင်သော ကြီးလေးသည့်ရောဂါများဖြစ်ခြင်း
၅။ ရူးသွပ်ခြင်း၊ စိတ်မတည်ငြိမ်ဖြစ်ခြင်း
၆။ မင်းပြစ်၊ မင်းဒဏ်ခံရခြင်း
၇။ မတရားသဖြင့် စွပ်စွဲခံရခြင်း
၈။ ဆွေမျိုးကောင်း မိတ်ဆွေကောင်းမရှိခြင်း
၉။ စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း
၁၀။ နေရာ တိုက် အိမ်မီးလောင်ပျက်စီးခြင်း။
ဘာသာသွေး ( ဗုဒ္ဒဘာသာဝင်တိုင်း ဖတ်ရှုရမဲ့ ဘာသာသွေး )
ဗုဒ္ဓ ရဲ့အဓိပ္ပါယ်က နိုးထခြင်း ၊ အလုံးစုံကို သိမြင်တော်မူသော သဗ္ဗညု မြတ်စွာဘုရားလို့ အဓိပ္ပါယ် ရတာပါ ။
အရိယသစ္စာ သိပြီး ၊ သဗ္ဗညုတ ဥာဏ်တော် ရပြီး ဘုရားဖြစ်မှ လူတွေ ခေါ်ကြတာပါ ။တချို့ကတော့ ဂေါတမ ပေါ့ ။
           ငယ်နံမယ်က သိဒ္ဓတ္ထ ၊
           မျိုးနွယ်စုက ဂေါတမ ၊
           သာကီဝင်မင်းမျိုးတွေပါ ။
           ဘာမှကို လိုလေသေးမရှိ ပြည့်စုံတဲ့ ၊ ချမ်းသာ ကြွယ်ဝတဲ့ မင်းသားတစ်ပါးပေါ့ ။ သက်တော် ( ၂၉ ) နှစ်
အရွယ်မှာ ဒီလောက တစ်ခုလုံးရဲ့ ဆင်းရဲလွတ်ရာ နည်းလမ်းကို  ရှာဖို့ တောထွက်ခဲ့တာပါ ။လောကီရေးတွေ  စွန့်မှ
သစ္စာ တရား ကို ရှာနိုင်မယ်ပေါ့ ။အလုံးစုံ ပြည့်စုံ လှတဲ့ လောကစည်းစိမ် နန်းတော်ထဲက ငယ်ရွယ် ပျိုနု တဲ့ အရွယ်မှာ
ကာမဂုံ ချမ်းသာတွေ စွန့်လို့ ၊ အဖေါ်မပါ တစ်ကိုယ်ထဲ နေပူ ၊ မိုးရွာ မရှောင် တရားတွေရှာလို့ ၊ ဒုက္ခတွေခံလို့လေ ။
           ဒီလိုနဲ့  ဒုက္ကရစရိယာ ( ၆ ) နှစ်ကျင့်ပြီး ၊ ဒီနည်းနဲ့လဲ တရားထူး မရနိုင် ၊ အလယ်အလတ်လမ်းကို
ပြန်ရွေးလို့၊ မျှတစွာ သုံးသပ်လို့ ကဆုန်လပြည့်ည ဗုဒ္ဓဂါယာရဲ့ ဗောဓိပင်အောက်မှာ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူပြီး
အားထုတ်တော်မူတာပါ  ။အဲဒီ အခါကျမှ တစ်လောကလုံးသိမြင်တော်မူတဲ့ သဗ္ဗညုတဥာဏ်တော်ကြီး ပွင့်ထွန်းလို့ ၊
သစ္စာတရားကို သိမြင်လို့ သဗ္ဗညု ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်ကို ရရှိတာပါ ။
          အဲဒီလောက် အပင်ပန်းခံ ၊ အဆင်းရဲခံပြီး ၊ ဘ၀ပေါင်းအလီလီ ပါရမီတွေဖြည့်မှ ရလာရတဲ့ တရားတော်တွေပါ ။
တန်ဖိုးရှိလွန်းလို့ ၊ ကြည်ညိုလွန်းလို့ ၊ အလောင်းတော်ဘ၀နဲ့ရော ၊ သဗ္ဗညုဘုရား အဖြစ်နဲ့ရောပေါ့ ။ ဗုဒ္ဓ မြတ်စွာ
တည်ထောင်ခဲ့တဲ့ သာသနာ ၊ ဗုဒ္ဓသာသနာ ကိုရောပါ ။
          ယခုအခါ မှာတော့ သာသနာနှစ် ယုတ်လျော့လာတာနဲ့ အညီ ၊ ဗုဒ္ဓဘာသာဝင်တို့အဖို့ ဘာသာရေးကြည်ညိုမှု
အားနဲလာကြတယ် ။ ယုတ်လျော့လာကြတယ်ပေါ့ ။ သာသနာရဲ့အသက်ဟာ  သုံးပုံအာဂုံဆောင် ရဟန်းတော်တွေပါ ။
ရဟန်းတော်တွေရဲ့ အသက်ဟာလဲ ၀ိနည်းတော်တွေပါ ။ ဗုဒ္ဓဘာသာဝင်တွေအဖို့ကတော့ စည်းကမ်းပေါ့ ။ ၀ိနည်း ၊
စည်းကမ်းတွေ အားနဲလာလေ  သာသနာ ယုတ်လျော့လေဘဲပေါ့ ။ ဗုဒ္ဓဘာသာဝင်တို့ အထူးသတိပြုရမဲ့ အချက်ပါ ။
         ဒါကြောင့် ဗုဒ္ဓသာသနာ ပိုမို ထွန်းပြောင် ၊ တည်တံ့ စေခြင်းအလို့ဌာ  တချိန်က ကမ္ဘာ က လေးစားလောက်အောင်
အသိအမှတ်ပြုကြတဲ့ ၊ ချီးမွမ်းထောပနာပြုကြတဲ့ မန္တလေးမြို့ မဟာဂန္တရုံကျောင်းတိုက် နဲ့ ကျောင်းတိုက်အား စည်းစနစ်
တကျ ၊ ကမ္ဘာ့ မျက်စိကျလောက်အောင် တည်ထောင်ခဲ့တဲ့ အမရပူရ မဟာဂန္တာရုံဆရာတော် အရှင်ဇနကာဘိဝံသကို
ပူဇော်လျက်  ဆရာတော်ဘုရားရဲ့ချမှတ်ထားတဲ့ စည်းကမ်းဝိသေသများကို ထေရ၀ါဒ ဗုဒ္ဒဘာသာဝင်များ အထူး ပူဇော် ၊
လိုက်နာ  ကျင့်သုံးနိုင်ရန် အလို့ဌာ ဤစည်းကမ်းဝိသေသ ( ၁၀ ) ချက်ကို ပူဇော် ရေးသား တင်ပြလိုက်ရပါတော့တယ် ။
 ( ၁ )းးး  စိတ်ကောင်းရှိဖို့က ပထမ
          ရှောင်ရန်စိတ်ထားများ
          ( က )   အကြီးက အငယ်ကိုနိုင် ၊ အငယ်က အကြီးကို မရိုသေ ဆိုတဲ့ စိတ်မျိုး ၊
          ( ခ )    ကိုယ့်ထက်သာသူကို မနာလိုတဲ့ စိတ်မျိုး ၊
          ( ဂ )    ဥာဏ် ၊ ၀ီရိယကောင်းသူကို တိုးတက်မှာစိုးတဲ့ စိတ်မျိုး ၊
          ( ဃ )   အလွန်သိသာ ထင်ရှားတဲ့ တဏှာရာဂ စိတ်မျိုး ၊
          ( င )    ဂုဏ် နဲ့ လာဘ်ကို အလွန် လိုလားတဲ့ လောဘ စိတ်မျိုး ၊
          ( စ )    ပြင်းထန်တဲ့ ဒေါသ စိတ်မျိုး ၊
          ( ဆ )   ပြင်းထန်တဲ့ မာန်မာန စိတ်မျိုး ... စတဲ့ စိတ်ယုတ်မာတွေပါ ။
          လိုက်နာကျင့်သုံးအပ်တဲ့  စိတ်ထားများ
          ( က )   ဆရာပီပီ ၊ တပည့်ပီပီ ရိုသေ လေးစားတဲ့ မေတ္တာစိတ်မျိုး ၊
          ( ခ )    သူတပါး ပညာတတ်သည် ။ ချမ်းသာကြွယ်ဝလာစေသည် ( လာဘ်ပေါသည် ) ကို ၀မ်းမြောက်တဲ့
                    မုဒိတာစိတ်မျိုး ၊
          ( ဂ )    ဘုရား ၊ ဘာသာ ၊ သာသနာ ၊ ကြီးသူတို့ရဲ့ ဝေယျာဝစ္စ ကို စိတ်ပါလက်ပါ ပြုလုပ်လိုတဲ့စိတ်မျိုး ၊
          ( ဃ )   သဒ္ဓါ တရားကောင်းတဲ့ စိတ်မျိုး ၊
          ( င )    ပျော့ပြောင်းနူးညံ့တဲ့ စိတ်မျိုး ၊
          ( စ )    အပါယ်လေးပါး ကြောက်တဲ့ စိတ်မျိုး ၊
          ( ဆ )   မဂ် ဖိုလ် နိဗ္ဗာန်ကို လိုလားတဲ့ စိတ်မျိုး ...စတဲ့ စိတ်သူတော်လေးတွေပါ ။
  ( ၂ )းးး  စည်းကမ်း လေးစားဖို့က ဒုတိယ
             ရဟန်းသာမဏေ မှန်လျှင် ဘုရားရှင်ရဲ့ ၀ိနည်းသိက္ခာတော်ကို လိုက်နာမှာသာ အပယ်လေးပါးက လွတ်ပြီး ၊
        သာသနာတော် မကွယ်အောင်လဲ စောင့်ရှောက်နိုင်မှာပါ ။ သာသနာတော် တာရှည်တည်တံ့ဖို့ ဖြစ်တဲ့ အသက်ဟာ
             ထို့အတူ  တိုင်းပြည်တစ်ပြည် ၊ မြို့တစ်မြို့ ၊ အိမ်ထောင်တစ်စု ၊ ပုဂ္ဂိုလ် တစ်ဦးစီမှာလဲ စည်းကမ်းဟာ
        အသက်ပါဘဲ ။ စည်းကမ်းရှိမှ ၊ လူ့ကျင့်ဝတ် လေးစားမှ အရာရာ တည်တံ့ခိုင်မြဲပြီး  ပျက်သုဉ်းခြင်း ကင်းဝေးမှာပါ ။
  ( ၃ )းးး  ကျန်းမာဖို့က တတိယ
             စိတ်ကောင်းရှိရုံ ၊ စည်းကမ်းလေးစားရုံနဲ့ မပြီးပါဘူး ။ ထိုနှစ်ပါးညီညွှတ်ပြီး ကျန်းမာနေဖို့ကလဲ အရေးကြီး
        ပါတယ် ။ နာမကျန်းဖြစ်နေရင် ဘာကိုမှ မလုပ်နိုင်တော့ပါဘူး ။
  ( ၄ )းးး  သန့်ရှင်းဖို့က စတုတ္ထ
             မကျန်းမာရတဲ့ အကြောင်းတွေထဲမှာ မသန့်ရှင်းမှုကလဲ အကြောင်းတစ်ခုပါဘဲ ။ဥတုနဲ့ လျော်ညီအောင်
        ရေမှန်မှန် ချိုးလို့ ၊ တကိုယ်ရေ သန့်ရှင်းစေပြီး ၊ အ၀တ် ၊ အခန်း ၊ အိမ်ကျောင်း ပတ်ဝန်းကျင် ကိုသန်ရှင်း
        စေရပါမယ် ။ မိမိနေရာ တစ်ခုလုံး ၊ ခန္တာ တစ်ခုလုံး သင်းပြန့် မွှေးကြိုင်စေပြီး၊ လုပ်ရည် ကိုင်ရည်လဲ တိုးလာမှာ
        ဖြစ်ပါတယ် ။
             များသောအားဖြင့်  သန့်ရှင်းခြင်းရဲ့ အကျိုးကို မသိလို့  သန့်ရှင်းအောင် မကြိုးစားကြတာပါ ။
 ( ၅ )းးး  အ၀တ်နဲ့အစားတတ်ဖို့က ပဉ္စမ
            ရဟန်းတော်များအနေနဲ့ သင်္ကန်းကို “ ရဟန္တာများရဲ့ တံခွန်အောင်လံ ” လို့ခေါ်ပါတယ် ။
       မတို မရှည် ၊ ညီညီ ၀တ်တတ်ဖို့ လိုပါတယ် ။ အရောင်ရင့်ရင့် ဆိုးတဲ့သင်္ကန်းကို သိက္ခာပုဒ်တော်များနဲ့ အညီ
            လူပုဂ္ဂိုလ်များ အဖို့လဲ အ၀တ်ကို သူ့နေရာနဲ့သူ ၊ သန့်သန့်ရှင်းရှင်း သေသေသပ်သပ် ၀တ်တတ်ဖို့လိုပါတယ် ။
       ဥတုနဲ့ လျော်ညီအောင် စနစ်တကျ စားတတ်ဖို့လိုပါတယ် ။
  ( ၆ )းးး  အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
             အသင်အပြ မရှိရင်  ၀ါကြီးသူ ။ ကိုယ့်ထက်ကြီးသူ ၊ ဆရာသမားတို့ရဲ့ အနီးမှာ လေးလေးစားစား နေနည်း ၊
        ထိုင်နည်း မသိကြပါဘူး ။ မရကြပါဘူး ။ လက်ဦးဆရာ မိဘမှ အစပြုပြီး ဆရာသမားကောင်းတွေ  လိုပါတယ် ။
  ( ၇ )းးး  အပြောအဆိုတတ်ဖို့က သတ္တမ
             ရဟန်းတော်များ အနေနဲ့ ယခုအခါမှာ  လူလူချင်းပြောကြသလို “ မင်းနဲ့ ငါနဲ့ ” ဆိုတာတွေ  ပြည့်လျှံလို့
        နေပါပြီ ။ရှောင်ကျဉ်ရပါမယ် ။ “တပည့်တော် ၊ အရှင်ဘုရား ၊ ကိုရင် ၊ ဦးဇင်း ၊ ဘုန်းကြီး ” စသဖြင့် ၀ါစဉ်အရ
        ယဉ်ယဉ်ကျေးကျေး သုံးရပါမယ် ။
             လူပုဂ္ဂိုလ်များအနေနဲ့လဲ “ဟေ့ကောင် ၊ ဟိုကောင် ၊ ဒီကောင် ၊ မင်း ငါ” စတာတွေ အစား “ ဘကြီး ၊ ဦးကြီး ၊
        အကိုကြီး ။ ညီလေး ၊ အဒေါ်ကြီး ၊ အဒေါ် ၊ အမကြီး ၊ ညီမလေး ” စသဖြင့် ယဉ်ကျေး ချစ်ခင် နှစ်လိုဖွယ်
        ပြောဆိုတတ်ရပါမယ် ။
  ( ၈ )းးး  အသွားအလာတတ်ဖို့က အဋ္ဌမ
              ယခုအခါ ရဟန်းတော်တွေ ဆွမ်းခံကြွရာမှာ တစ်ပါးနဲ့ တစ်ပါး ရင်ဘောင်တန်းလို့ ၊ စကားတွေပြောလို့ ၊
        မျက်စိက ကျီးကန်းတောင်းမှောက်နဲ့  ကိုယ်အမူအယာတွေကလဲ လှုပ်ခါရမ်းပြီး အတော့ကို ကြည့်ရ ရုပ်ဆိုး
        နေပါပြီ ။ ကျမ်းစာများနဲ့အညီ ဘုရားရှင် မြို့ထဲ ကြွသည့် အလား ရှေ့နောက်တန်းလို့ ၊ သေသေသပ်သပ်
             လူပုဂ္ဂိုလ်များအဖို့လဲ  ရဟန်း ၊ သာမဏေ ၊ လူကြီးသူမက အစ ကိုယ့်ထက်ဝါကြီးသူများ အနီးမှာ
        သော်၎င်း ၊ အဝေးမှာသော်၎င်း ရိုရိုသေသေ ၊ တည်တည်ငြိမ်ငြိမ် ၊ ရှပ်တီးရှပ်ပြာ မနေဘဲ သွားလာသင့်ပါတယ် ။
  ( ၉ )းးး  စည်းကမ်းလိုက်နာဖို့က န၀မ
             စည်းကမ်းတွေ လေးစားရုံနဲ့ မပြီးသေးပါဘူး ။ လိုက်နာ ကျင့်သုံး ကြရပါမယ် ။ ရှေး လူကြီးများ ၊
        ဆရာသမားများရဲ့ ကောင်းတဲ့ စည်းကမ်း ထုံးစံ ဥပဒေတွေကို နောက်လူများက လိုက်နာဖို့ တာဝန်ရှိပါတယ် ။
        သူ့စည်း သူ့ကမ်းနဲ့ မလိုက်နာနိုင်ရင် သူ့နေရာမှာ ရေရှည်နေဖို့ မလွယ်ပါဘူး ။ ဒါကြောင့် စည်းကမ်းလိုက်နာ
        တတ်ဖို့ကလဲ အရေးကြီးပါတယ် ။
  ( ၁၀ )းးး  စာတတ်ဖို့က ဒသမ
              အများ အယူအဆကတော့ စာတတ်ဖို့က ပထမ လို့ယူဆကြဟန်တူပါတယ် ။ ဒါပေမဲ့ စိတ်ကောင်းမရှိဘဲ
          စာတတ်လဲ အလကားပါဘဲ ။ စည်းကမ်းမရှိဘဲ စာတတ်လဲ အလကားပါဘဲ ။ထို့အတူ နာမကျန်းဖြစ်နေရင် ၊
          ညစ်တီးညစ်ပတ် ဖြစ်နေရင် ၊ ၀တ်ပုံ စားပုံ မတတ်ရင် ၊ အနေအထိုင် မတတ်ရင် ၊ မပြောအဆို မတတ်ရင် ၊
          အသွားအလာ မတတ်ရင် ၊ စာတွေ ဘယ်လောက်တော်တော် အလကားပါဘဲ ။ ကိုယ့်အကျိုး သူ့အကျိုး
          ဘာတစ်ခုမှ မပြုနိုင်ပါဘူး ။ စိတ်ကောင်းရှိမှု စသဖြင့် အားလုံးပြည့်စုံမှ စာတတ်ရကျိုး နပ်မှာပါ ။
          ဒါကြောင့်  စာတတ်ဖို့ကို နောက်ဆုံးမှာ ထားတာပါ ။
             ကဲ - ဒီလောက်ဆို ဆရာတော်ရဲ့ အတုယူ ၊ လိုက်နာဖွယ် နည်းနာတွေ သိလောက်ပြီ ထင်ပါတယ် ။
  ဒါနဲ့ ထပ်ပြောပါဦးမယ် ။ ဆရာတော်ရဲ့ အဆိုအရ “ စာမတတ်လို့ အပါယ်မကျပါဘူး ၊ စိတ်ကောင်းမရှိရင် ၊
  အဖိုးမတန် ၊ အရေးမကြီးပါဘူး ” တဲ့ ။ မှတ်သားဖွယ် အင်မတန် ကောင်းပါတယ် ။
             ရဟန်းသာမဏေ ၊ သူတော်စင်  အပေါင်းနဲ့ ထေရ၀ါဒ ဗုဒ္ဒဘာသာဝင်အပေါင်းတို့  လေးသင်္ချေနဲ့
   ကမ္ဘာ တစ်သိန်း ပါရမီ အဟုန်နဲ့ နောက်ဆုံးဘ၀မှာ အကောင်းတကာ့ ကောင်းဆုံး စင်္ကြာ ထိုက်လောက်တဲ့
  လောကစည်းစိမ်ကို စွန့်ပြီး ၊ ဒုက္ခ ခံ ၊ အပင်ပန်း အဆင်းရဲခံ ခဲ့ပြီး ၊ လူတွေရဲ့ အကျိုး  သတ္တ၀ါတွေရဲ့အကျိုး
  ( ၄၅ ) ၀ါ တိုင်တိုင် မနားမနေ ကြိုးစားအားထုတ်ခဲ့တဲ့ တည်ထောင်ခဲ့တဲ့ ထေရ၀ါဒ ဗုဒ္ဒသာသနာကို အရှည်
  တည်တံ့ ပြန့်ပွား နိုင်စေရန်၊ စွမ်းစွမ်းတမံ ရွက်ဆောင်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါတော့တယ် ။
       နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ .... ။
(မေးထဲကမှတ်စုများ)
ဗုဒ္ဓဘာသာဝင် လူငယ်များအတွက်
          ဒီစာစုလေးကို ဗုဒ္ဓဘာသာဝင် လူငယ်များလို့ ခေါင်းစဉ်တပ်လိုက်ခြင်းဟာ တစ်ခြားဘာသာဝင် လူငယ်များနဲ့ ယှဉ်လိုက်ရင် ဗုဒ္ဓဘာသာဝင် လူငယ်များ အနေနဲ့ ကိုယ့်ဘာသာအကြောင်း ဘာမှ ဂဃဏန မသိဘဲ ဖြစ်နေလို့ သူတို့သူတို့လေးတွေကို ရည်ရွယ်ပြီး တင်ပြပေးလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုပြောတော့ လူကြီးတွေက သူတို့မပါဘူးလို့လည်း ထင်နေကြဦးမယ်။ လူကြီးတွေလည်း အသက်ကြီးနေလို့ သီးသန့်ခေါင်းစဉ် မတပ်လိုပေမယ့် မသိသူတွေ များနေမယ်ဆိုတာတော့ အတော်များများက လက်ခံကြမှာပါ။ ဒီလိုဆိုတော့ ဒီစာစုလေးဟာ လူငယ်တွေအတွက် ဆိုတာထက် ဗုဒ္ဓဘာသာ အမည်ခံထားပြီး ဘာမှမသိဘဲ ဖြစ်နေတဲ့ သူတွေအတွက်လို့ ဆိုရင်ပိုမှန်ပါလိမ့်မယ်။ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အားနည်းချက်က အဲဒါပါပဲ။ လူကြီးလူငယ် အတော်များများက ကိုယ့်ဘာသာ အကြောင်း မေးလာရင် အင်းအဲနဲ့ပဲ တိကျတဲ့အဖြေကို မပေးနိုင်ဘဲ ဖြစ်နေကြတဲ့ အဖြစ်ပါ။
            အင်တာနက်မှာ စာတွေရေးနေ၊ ပြည်ပရောက် မြန်မာလေးတွေအတွက် တရားလေးတွေ ဟောပေးနေတော့ ဒီအားနည်းချက်ကို ဘုန်းဘုန်းတို့က သိနေရပါတယ်။ တစ်ခါတစ်လေလည်း လူငယ်လေးတွေနဲ့ စကားပြောဖြစ်တော့ သူတို့တွေ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး မသိတာတွေ အတော်များနေပါလားလို့ သတိပြုမိခဲ့ပါတယ်။ မသိတာတွေများဆို အခြေခံ သိသင့်သိထိုက်တာက အစ မသိတဲ့သူတွေ များများလာနေတဲ့ အဖြစ်ပါ။ ခုချိန်မှာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့ အပြစ်ပုံချလို့လည်း မဖြစ်ပါဘူး။ အခြေခံ နည်းစနစ်ကအစ ပုံစံမကျ ဖြစ်ခဲ့ကြတဲ့အတွက် မြန်မာဗုဒ္ဓဘာသာဝင်တွေမှာ ဘာသာတရားနဲ့ ပတ်သက်ပြီး အသိပညာ ဗဟုသုတ အားနည်းခဲ့တာလို့ပဲ ယေဘုယျ ပြောရမှာ ဖြစ်ပါတယ်။ အားနည်းချက်ကို အသားထား။ အခုအချိန်ရှိတုန်း လုပ်သင့်တာက မသိတာကို သိအောင်လုပ်ရမှာ ဖြစ်ပါတယ်။ လေ့လာဖို့ဆိုတော့ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ အင်တာနက်ကို အသုံးချပြီး လေ့လာမယ်ဆိုရင်လည်း မဆိုးလှပါဘူး။ ဘာသာတရားနဲ့ ပတ်သက်ပြီး သိချင်တာမှန်သမျှကို အင်တာနက် စာမျက်နှာတွေမှာ အတော်များများ ရှာဖွေလေ့လာ ဖတ်ရှုနေနိုင်ပြီ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မသိပါဘူးဆိုပြီး ဒီအတိုင်း နေကြတာထက်စာရင် ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာအကြောင်း သိသင့်သိထိုက်တာလေးတွေတော့ သိနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
       သိသင့်သိထိုက်တာဆိုတော့ ဗုဒ္ဓဘာသာကို စတင်တည်ထောင် ဟောကြားပေးခဲ့တဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ဖြစ်စဉ်အကျဉ်းကစပြီး သိထားဖို့ လိုပါတယ်။ ပြီးတော့မှ ဗုဒ္ဓဆိုတာဘာလဲ၊ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ စတာတွေ အပါအဝင် ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်ရတဲ့အကြောင်း၊ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမနဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ ကျင့်ကြံလိုက်နာမှု အကြောင်း စသဖြင့် သိရှိထားရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အကျဉ်းလောက် သိထားရင်ကိုပဲ မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘုရားရှင်ရဲ့ အတ္ထုပ္ပတ္တိနဲ့ ပတ်သက်လို့ ဒီမှာဖော်ပြပေးမယ့် ဗုဒ္ဓရဲ့ မှတ်တမ်းအကျဉ်းလေးကိုပဲ စွဲစွဲမြဲမြဲ မှတ်သားထားဖို့ တိုက်တွန်းလိုပါတယ်။
ဗုဒ္ဓဘုရားရဲ့ မှတ်တမ်းအကျဉ်း
လူအမည် = သိဒ္ဓတ္ထ
ဘုရားဘွဲ့အမည်တော် = ဂေါတမဗုဒ္ဓ
မွေးသက္ကရာဇ် = မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ (BC- 623 ခန့်)
မိဘအမည် = ခမည်းတော် သုဒ္ဓေါဓနမင်း၊ မယ်တော် မဟာမာယာဒေဝီ မိဖုရား
နေပြည်တော် = ကပိလဝတ်မင်းနေပြည်တော် (ယခုခေတ် နီပေါနယ်)
အမျိုးအနွယ် = သကျသာကီဝင် မင်းမျိုး
အိမ်ထောင်ပြုချိန် = အသက် ၁၆နှစ်အရွယ်
ဇနီး = ဖွားဖက်တော် ဘဒ္ဒကဉ္စနာ ယသောဓရာ
သားတော် = ရာဟုလာ
နန်းစည်းစိမ်စံနှစ် = ၂၉နှစ် (မွေးကတည်းက တောထွက်ချိန်အထိ)
တောထွက်ချိန် = သက်တော် ၂၉နှစ်၊ မဟာသက္ကရာဇ် ၉၇ခုနှစ်၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ (BC- 594 ခန့်)
ဒုက္ကရစရိယကျင့်သည့်ကာလ = ၆ နှစ် (ခဲရင်းစွာကျင့်ရသည့် အကျင့်ဖြစ်သဖြင့် ဒုက္ကရစရိယဟုခေါ်သည်၊ ဒုက္ခစရိယ မဟုတ်ပါ။)
ဘုရားဖြစ်ချိန် = သက်တော် ၃၅နှစ်၊ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ (BC- 588 ခန့်)
တရားဟောသည့်ကာလ = ၄၅နှစ် (သက်တော် ၃၅မှ သက်တော် ၈၀အထိ)
ပရိနိဗ္ဗာန်စံတော်မူသည့်နှစ် = သက်တော် ၈၀၊ ဝါတော် ၄၅ဝါ၊ မဟာသက္ကရာဇ် ၁၄၈ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ (BC- 543 ခန့်)
ဒါကဗုဒ္ဓဘုရားရဲ့ ဖြစ်တော်စဉ် အကျဉ်းပဲ ဖြစ်ပါတယ်။ ဆက်ပြီးသိထားဖို့လိုတာက ဗုဒ္ဓဆိုတာနဲ့ ပတ်သက်လို့ သိသင့်တာလေးတွေ သိထားရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓ
ဗုဒ္ဓဆိုတာ ဘာလဲလို့မေးရင် ဒီစကားလုံး အဖွင့်အတိုင်း “သိသူ”လို့ အလွယ်ဖြေရမှာ ဖြစ်ပါတယ်။ သိတယ်ဆိုတော့ ဘာကိုသိတာလဲ ဆိုရင် သစ္စာလေးပါး အပါအဝင် သိစရာမှန်သမျှ အားလုံးကို သိတာလို့ ဖြေရမှာပေါ့။ အဲဒီသစ္စာကို ဘယ်သူကသင်ပြပေးလို့ သိတာလဲ၊ သူပဲသိပြီး တခြားသူတွေကို သိစေနိုင်သလားလို့ ထပ်ပြီးမေးခွန်း ထုတ်မယ်ဆိုရင်တော့ ဘုရားရှင်တွေဟာ သစ္စာလေးပါး တရားတော်ကို ဆရာမရှိဘဲ ကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်မှုနဲ့ သိရှိတော်မူတာဖြစ်ပြီး ကိုယ်တော်မြတ် သိတော်မူတဲ့အတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူတဲ့သူလို့ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဗုဒ္ဓဆိုတော့ ဒီနေရာမှာ
၁။ သမ္မာသမ္ဗုဒ္ဓ
၂။ ပစ္စေကဗုဒ္ဓ ဆိုတဲ့ ဗုဒ္ဓ နှစ်မျိုးကို သိထားဖို့ လိုပါတယ်။
သမ္မာသမ္ဗုဒ္ဓဆိုတာ လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း (ပညာ၊ သဒ္ဓါ၊ ဝိရိယ တရားအားသာမှုကို လိုက်ပြီး ကွဲပြားမှုရှိ) ဒါန၊ သီလစတဲ့ ပါရမီတော်များကို ဖြည့်ကျင့်ကာ ပါရမီတော် ပြီးပြည့်စုံတဲ့အခါမှာ သိစရာမှန်သမျှ အကြွင်းအကျန်မရှိ အကုန်အစင်ကို သိတော်မူနိုင်တဲ့ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီး ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာတရားအတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူနိုင်တဲ့ ဘုရားမျိုး ဖြစ်ပါတယ်။
ပစ္စေကဗုဒ္ဓဆိုတာ  နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ဒါန၊ သီလစတဲ့ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူကာ ပါရမီတော် ပြည့်စုံတော်မူတဲ့အခါ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပြီး သစ္စာလေးပါး တရားတော်ကို ဆရာမကူ ကိုယ်တော်တိုင် သိတော်မူခဲ့ပေမယ့် သတ္တဝါဝေနေယျတွေကို သိရှိအောင် ဟောတော်မမူနိုင်တဲ့၊ သာသနာပကာလမှာ ပွင့်တော်မူတဲ့ ဘုရားငယ်မျိုး ဖြစ်ပါတယ်။
ဒီဗုဒ္ဓနှစ်မျိုးမှာ အခုကြုံတွေ့နေရတဲ့ သာသနာတော်ဟာ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူတဲ့ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ပဲ ဖြစ်ပါတယ်။ ဒီလို သမ္မာသမ္ဗုဒ္ဓဘုရားရှင်များရဲ့ သာသနာထွန်းကားရာ ကာလကို သာသနာတွင်းကာလို့ခေါ်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်များ ပွင့်ထွန်းတော် မမူတဲ့ကာလကိုတော့ သာသနာပ ကာလလို့ခေါ်ကာ အဲဒီသာသနာပ ကာလမှာပဲ ပစ္စေကဗုဒ္ဓ အရှင်မြတ်များ ပွင့်ပေါ်တော်မူကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဆိုတာနဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ဗုဒ္ဓဘာသာ လူငယ်တွေအတွက် မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ
ဗုဒ္ဓအကြောင်းကို အနည်းငယ် မိတ်ဆက်အနေနဲ့ သိထားပြီးရင်တော့ ဗုဒ္ဓဘာသာဆိုတာနဲ့ ပတ်သက်ပြီး သိထားဖို့ လိုပါတယ်။ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဟောကြားချက်၊ ဗုဒ္ဓဘာသာဆိုတော့ ဘုရားရှင်ရဲ့ အယူဝါဒ၊ ဟောကြားချက်လို့ပဲ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဘုရားရှင်ရဲ့ ဟောကြားချက်ဆိုတာ ဘုရားဖြစ်တော်မူပြီးနောက် ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်ကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီဟောကြားချက်ကိုပဲ ဒီနေ့ခေတ် အသုံးအနှုန်းတွေနဲ့ ပြောတော့ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ အခေါ်အဝေါ်တွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီအခေါ်တွေဟာ အမျိုးမျိုး ဖြစ်နေပေမယ့် ရည်ညွန်းချက်ကတော့ ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကိုပဲ ရည်ညွန်းတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အကျဉ်းဆုံး စကားလုံးတွေနဲ့ ပြောမယ်ဆိုရင်တော့ သီလ၊ သမာဓိ၊ ပညာ ဒီသုံးမျိုးကိုပဲ တိုက်ရိုက်ပြောရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘုရားရှင်ရဲ့ ဝါဒနဲ့ ပတ်သက်ပြီး ဘုရားရှင်ရဲ့ ဝါဒဟာ ကံကံရဲ့အကျိုးအပြစ်ကို ဟောကြားတော်မူတဲ့ ကမ္မဝါဒ၊ အကြောင်းအကျိုးကို ထောက်ပြတဲ့ ကြောင်းကျိုးဆက်စပ်မှု ဝါဒ၊ အမှားအမှန်ကို စိစစ်ဝေဘန် လက်ခံစေတဲ့ ဝိဘဇ္ဇဝါဒ၊ အစွန်းမရောက်တဲ့ အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးတဲ့ မဇ္ဈိမပဋိပဒါ ဝါဒ၊ အရာအားလုံးမှာ အတ္တဆိုတာ မရှိဘဲ အစိုးမရခြင်း အနတ္တသဘောသာ ရှိတယ်ဆိုတဲ့ အနတ္တဝါဒ စသဖြင့် အမည်အမျိုးမျိုးနဲ့ ဖွင့်ဆိုပြောကြားနိုင်ပေမယ့် အားလုံးကို ခြုံပြီးပြောရမယ်ဆိုရင်တော့ ဘုရားရှင်ရဲ့ ဟောပြောပို့ချချက် အယူဝါဒဟာ တကယ့်အမှန်တရားဖြစ်တဲ့ အမှန်တကယ်ဝါဒ (Realism)ပဲ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ အမှန်တရားအစစ်တွေပဲ ဖြစ်ပါတယ်။ ဒီအမှန်တရားဟာလည်း ဘုရားဟောလိုက်လို့ မှန်တာမဟုတ်ပါဘူး။ မှန်လို့ ဘုရားဟောတာပဲ ဖြစ်ပါတယ်။ အဲဒါကို စာလိုပြောတော့ သစ္စာတရားလို့ ပြောကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ ဗုဒ္ဓဘာသာကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာလို့ ဆိုခြင်းဖြစ်ပါတယ်။
ဘာကြောင့် ဘုရားရှင်ရဲ့ဟောကြားချက်ဟာ အမှန်တကယ်ဝါဒလို့ ဆိုရတာလဲဆိုရင် ရုပ်နာမ်များနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါ အားလုံးမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်နေလို့ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာမှန်ပြီး တခြားဘာသာဝင်တွေအတွက် မမှန်ဘူးဆိုတာ မရှိပါဘူး။ နာမ်ရုပ်များနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါအားလုံးမှာ အကုန်မှန်နေတာ ဖြစ်ပါတယ်။
ဆိုကြပါစို့။ ဗုဒ္ဓရဲ့ သစ္စာလေးပါး အမှန်တရားမှာ ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီး ဘုရားရှင်က “ပဋိသန္ဓေနေရတာ ဒုက္ခ၊ အိုရတာဒုက္ခ၊ နာရတာ ဒုက္ခ၊ သေရတာဒုက္ခ၊ မချစ်မနှစ်သက်ဖွယ်တွေနဲ့ အတူယှဉ်တွဲနေရာတာ ဒုက္ခ၊ ချစ်ခင်နှစ်သက်ဖွယ်တွေနဲ့ ကွေကွင်းရတာ ဒုက္ခ၊ အလိုရှိတဲ့ အရာကို မရတာဒုက္ခ၊ အကျဉ်းအားဖြင့် ဒီခန္ဓာကြီးကပင် ဒုက္ခ”လို့ ဖွင့်ဆိုဟောပြောပြပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် ခန္ဓာရှိနေတဲ့သူမှန်သမျှ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်သတ္တဝါမှာ မဆို ဒီဒုက္ခက ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီဒုက္ခဟာဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းတရားကိုရှာတော့ တွယ်တာမှု သံယောဇဉ် သမုဒယကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကို ဗုဒ္ဓက သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်း အမှန်တရား တစ်ခုအနေနဲ့ ထပ်ပြီးရှင်းတော်မူပါတယ်။ အကြောင်းရှိရင် အကျိုးရှိတတ်သလို အကြောင်းချုပ်ရင်လည်း အကျိုးချုပ်တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုဒုက္ခရှိရင် ဒုက္ခချုပ်ကြောင်းလည်း ရှိမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဗုဒ္ဓဘုရားရှင်က နိရောဓလို့ခေါ်တဲ့ နိဗ္ဗာန်ကိုဆိုက်ရင် ဒီဒုက္ခလည်း ချုပ်ပြီလို့ဆိုကာ နိရောဓသစ္စာ ဒုက္ခချုပ်ကြောင်း အမှန်တရားကို ဟောတော်မူခြင်း ဖြစ်ပါတယ်။ အဲဒီလိုဆိုတော့ ဒီဒုက္ခချုပ်ရာကို သွားဖို့အတွက် ကျင့်ကြံအားထုတ်ရမယ့် လမ်းလည်းရှိဖို့ လိုလာပြန်ပြီဖြစ်ပါတယ်။ ဒီအတွက် ဘုရားရှင်က မှန်ကန်တဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ရှင်းလင်းပြသကာ မဂ္ဂသစ္စာဖြစ်တဲ့ ဆင်းရဲချုပ်ရာသို့ လျှောက်လမ်းရာ လမ်းမှန်ကို ပြသတော်မူခြင်း ဖြစ်ပါတယ်။
ဒီသစ္စာလေးပါး အဖွင့်ကိုကြည့်ရင် အားလုံးအတွက် အမှန်တွေပဲ ဖြစ်နေတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ခန္ဓာရှိနေတဲ့ သတ္တဝါမှန်သမျှ ဒီသစ္စာတရားအတိုင်း လွဲမှားခြင်းမရှိ မှန်ကန်နေတဲ့အတွက် ဘုရားဟော တရားတော်၊ ဘုရားရှင်ရဲ့ အယူအဆတော်၊ ဗုဒ္ဓရဲ့ဝါဒတော်ကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာ၊ အမှန်သစ္စာတရားလို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာခေါ် ဗုဒ္ဓရဲ့အဆုံးအမနဲ့ ပတ်သက်ပြီး ဒီလောက်လေး သိထားရင်ကိုပဲ မဆိုဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်
ဆက်လက်ပြီးတော့ ဗုဒ္ဓဘာသာဝင် ဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ အလွယ်ပြောတော့ ဗုဒ္ဓဘုရားရဲ့ အယူဝါဒ ဟောကြားချက်များကို လက်ခံလိုက်နာ ကျင့်သုံးကြတဲ့ သူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်တာဖြစ်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ဘယ်သူ့ပယောဂ၊ ဘယ်သူ့စည်းရုံးလှုံ့ဆော်မှုမှ မပါဘဲ ကိုယ်ကိုယ်တိုင် ကျေနပ်လက်ခံလို့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏” လို့ဆိုကာ သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူထားကြသူတွေကို ဗုဒ္ဓဘာသာဝင်လို့ ပြောဆိုကြတာ ဖြစ်ပါတယ်။
ဆိုတော့ကား ကိုယ်ကိုယ်တိုင် ရတနာသုံးပါးကို ကိုးကွယ်ပါ၏လို့ သရဏဂုံကို ခံယူဆောက်တည်ပြီး ဗုဒ္ဓဘာသာ ဖြစ်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘာကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို သရဏလို့ ဆိုတာလဲ၊ ဘာကြောင့် ရတနာသုံးပါးဟာ ကိုးကွယ်ခံထိုက်တာလဲလို့ မေးလာခဲ့မယ်ဆိုရင် “သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်တဲ့ အတွက်ကြောင့် ရတနာသုံးပါးဟာ သရဏ အမည်ရကြောင်း၊ ရတနာသုံးပါးကို ကိုးကွယ်တာနဲ့ ပတ်သက်လို့ ဘုရားရှင်ဟာ သတ္တဝါတွေကို ကြီးပွားချမ်းသာကြောင်း နည်းလမ်းကို ဖြစ်စေ၊ မကြီးပွား မချမ်းသာကြောင်း မကောင်းတဲ့ နည်းလမ်းတွေကနေ ပယ်ခွါစေ၊ အပြစ်ကင်းပြီး ဂုဏ်ကျေးဇူးအပေါင်းနဲ့ ပြည့်စုံစေတဲ့အတွက် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ တရားတော်ဟာလည်း ကျင့်ကြံလိုက်နာသူတွေကို ဘဝသံသရာ ခရီးမှ ဆွဲထုတ်ကယ်တင်နိုင်ခြင်း၊ ကျင့်စဲအခိုက်နှင့် ကျင့်ပြီးနောက်မှာလည်း သက်သာငြိမ်းချမ်းမှုကို ဖြစ်စေခြင်းနှင့် သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီး စေနိုင်ခြင်း စတာတွေကြောင့် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ သံဃာတော်ဟာလည်း ကောင်းမှုကုသိုလ်ကို ကြီးကျယ်များပြာစေ၊ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီးစေတဲ့ အတွက်ကြောင့် ကိုးကွယ်ခြင်း ဖြစ်ကြောင်း” စသဖြင့် ရတနာသုံးပါးကို ကိုးကွယ်ရခြင်း အကြောင်းနဲ့ ပတ်သက်ပြီး ဒီလောက်တော့ သိထားဖို့ လိုပါတယ်။
နောက် သရဏဂုံကို ခံယူပြီး ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်လာတဲ့ သူတစ်ယောက်အတွက် မှန်ကန်တဲ့အယူဝါဒ သမ္မာဒိဋ္ဌိ ရှိနေဖို့လည်း လိုပါတယ်။ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါး၊ ကံကံရဲ့ အကျိုးတရား၊ အကြောင်းအကျိုး ဆက်စပ်မှုနဲ့ မျက်မှောက်လောက တမလွန်လောက စတာတွေအပေါ်မှာ သံသယမရှိ အမှန်သိပြီး ယုံကြည်လက်ခံဖို့ လိုပါတယ်။ ဒါမှလည်း ဗုဒ္ဓအလိုကျ မှန်ကန်တဲ့ အယူရှိသူ ဖြစ်နေမှာ ဖြစ်ပါတယ်။
ဒီတော့ကား သရဏဂုံကို ခံယူထားပြီး ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ဒီသရဏဂုံ တည်မြဲဖို့အရေး၊ မပျက်စီးရေးအတွက်လည်း ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ စာပေမှာကတော့ သရဏဂုံ ပျက်စီးတတ်တဲ့ အကြောင်း (၂)မျိုးရှိတယ်လို့ ဖွင့်ပြပါတယ်။
၁။ သေသွားရင် သရဏဂုံပျက်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ် သေသူကို သရဏဂုံတင်တယ်ဆိုတဲ့ အသုံးဟာ ဒီမှာ အကြုံးမဝင်ပါဘူး။ သေသူကို သရဏဂုံ တင်လို့လည်း မရပါဘူး။ သေရင် သရဏဂုံဟာ အလိုလိုကို ပျက်သွားပါတယ်။
၂။ မသေသေးပေမယ့် သရဏဂုံကို ခံယူထားတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါးထက် ပိုပြီး တစ်ခြားအယူဝါဒတွေကို လက်ခံယုံကြည်မယ်၊ ဗုဒ္ဓဘာသာကိုပစ်ပြီး တစ်ခြားအယူဝါဒကို လက်ခံသွားမယ်ဆိုရင် ဒါလည်း သရဏဂုံ ပျက်တဲ့အကြောင်းထဲမှာ ပါဝင်ပါတယ်။ ဒီအချက်ကတော့ အသက်ရှင်နေတဲ့ အချိန်မှာကို သရဏဂုံ ပျက်စရာအကြောင်း ရှိတဲ့အတွက် သတိပြုဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဘေးဒုက္ခတစ်ခုခု၊ အကြောက်တရား တစ်ခုခုကြောင့် စိတ်မပါဘဲ တစ်ခြားအယူဝါဒတွေကို လက်ခံလိုက်နာ လုပ်နေရတာတွေ ရှိတတ်ပါတယ်။ ဒါကတော့ ကိုယ့်စိတ်က ရတနာသုံးပါးကို တကယ်ပစ်လိုတဲ့ သဘောမဟုတ်တဲ့အတွက် သရဏဂုံကတော့ မပျက်ပါဘူး။ သရဏဂုံတော့ ညစ်နွမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း သတိပြု ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။
ကံကံရဲ့ အကျိုးအပြစ်နဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာတစ်ယောက်ဟာ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကို ဆောင်ဖို့ လိုပါတယ်။ မကောင်းမှုဒုစရိုက်အမှုကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ပြီး ကောင်းမှုသုစရိုက်ကို လုပ်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ မကောင်းမှု ဒုစရိုက်ကို ရှောင်ဖို့အတွက် သီလကို ထိန်းသိမ်း စောင့်ရှောက်ရပါမယ်။ အနည်းဆုံး ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းထားတဲ့ သူဟာ မကောင်းမှု ဒုစရိုက်ကိုလည်း ရှောင်ကြဉ်ပြီး ဖြစ်ပါတယ်။ ကောင်းမှုဆောင်ဆိုတာကတော့ ဗုဒ္ဓဘာသာတွေရဲ့ ကောင်းမှုလုပ်ခြင်း ရည်ရွယ်ချက်က နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးနဲ့ နိဗ္ဗာန်မရခင် သံသရာလည်ရတဲ့ အခါမှာလည်း သံသရာခရီးမှာ ချမ်းသာရေးအတွက်ပဲ ဖြစ်ပါတယ်။ ဒီလို ပန်းတိုင်တွေကို လှမ်းကိုင်ဖို့အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ သီလကို အခြေခံတဲ့ ဘာဝနာ အလုပ်ကို ကြိုးစားအားထုတ်ရမှာဖြစ်ပြီး နိဗ္ဗာန် မရခင် သံသရာလည်တဲ့ အခါမှာလည်း ကောင်းတဲ့သုဂတိ ဘဝတွေမှာဖြစ်ဖို့ သီလကုသိုလ်ကို ကောင်းကောင်းထိန်းသိမ်းပြီး ဒါနကုသိုလ်ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းများနဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ယုံကြည်မှုနဲ့ ကျင့်ကြံမှုကို လက်တွေ့လိုက်နာ ကျင့်ကြံပြီး ကိုယ်လုပ်ရင် ကိုယ်ရမယ်၊ ကိုဖြစ်ရင် ကိုခံရမယ်ဆိုတဲ့ မှန်ကန်ပြီး အကြောင်းအကျိုးသင့်တဲ့ အယူဝါဒကို သဘောပေါက် နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီထက်နားလည်ချင်ရင်တော့ ဒီထက်ပိုပြီး လေ့လာကျင့်ကြံကြည့်ရမှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေကို မိတ်ဆက်သဘောလောက် သိနိုင်မယ်လို့ ထင်ပါတယ်။ အလွန်လေးနက်ပြီး ကျယ်ပြန့်လှတဲ့ ဗုဒ္ဓအဆုံးအမတွေကို စာမျက်နှာ တစ်ခုနှစ်ခုလောက်နဲ့တော့ ပြည့်စုံအောင် တင်ပြဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခု တင်ပြခဲ့တာလေးတွေကိုပဲ သေသေချာချာ လေးလေးနက်နက် ဖတ်မှတ်ထားမယ်ဆိုရင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်က မေးလာခဲ့မယ်ဆိုရင် ဘာမှမသိတာထက်စာရင် သိသလောက်တော့ ဖြေကြားပေးနိုင်ကြမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ဗုဒ္ဓဘာသာအဖြစ် ခံယူထားပြီး ဘာတစ်လုံးမှ မသိဘဲ ဖြစ်နေတဲ့ သူတွေအတွက်တော့ အများကြီး အထောက်အကူဖြစ်တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာ ဖြစ်နေပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ မသိဘဲ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကိုယ်ကိုးကွယ်တဲ့ ဘုရား၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားနဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ယုံကြည်မှု တရားတွေကို နည်းနည်းလေးပဲ ဖြစ်ဖြစ် အသိတစ်ခု ရရှိစေဖို့ အခုတင်ပြခဲ့တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးကို လေ့လာပြီး သိသင့်သိထိုက်တဲ့ အချက်တွေကို သိအောင်ကြိုးစားရင်း ဗုဒ္ဓဘာသာဝင် ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို အသိအကျင့် ထပ်တူဖြစ်အောင်သာ လေ့လာကျင့်ကြံ အားထုတ်ကြပါလို့ စေတနာကောင်းနဲ့ တိုက်တွန်းလိုက်ရပါတယ်။
(မေးထဲကပါလာသောစာများဖြစ်ပါတယ်)
ဒါဖတ်ပြီးမှ ဘုရားဖူးသွားပါ
ဘုရားသို့မှန်း ခြေတလှမ်း သိန်းသန်းမကထိုက်
လှူသူ၊ ဖူးသူ၊ ပေးဝေသူ နတ်လူ ဘုံသို့ဆိုက်
ဆိုသော လင်္ကာလေးကို သဘောပေါက်လာပါလိမ့်မည်..
ထို့ အပြင်
စေတီတော်မှ ညွှန်ပြသော သင်္ကေတများမှ ဟောပြောနေသော တရားတော်များကို ဆင်ခြင် နှလုံးသွင်း နိုင်ပါက ပါရမီ ရင့်သန်ပြီးသူ ဖြစ်ပါက ဘုရားဖူးရင်းပင် နိဗ္ဗာန်ရနိုင်ကြောင်း ပြောမည်ဆိုပါက. လွန် အံ့မထင်
စေတီဆိုတဲ့ ဝေါဟာရ
စေတီဆိုတဲ့ဝေါဟာရက ဗုဒ္ဓဘုရားရှင် မပွင့်ထွန်းခင်ကတည်းက အိန္ဒိယနိုင်ငံမှာ ရှိနေခဲ့ပါတယ်။ ဝေသာလီ ပြည်ကြီးရဲ့ အနီးပတ်ဝန်းကျင်မှာ အမျိုးမျိုးသော အရာဌာနတွေကို စေတီသမုတ်ပြီး ကိုးကွယ်ခဲ့တာကြောင့် စေတီတွေ များစွာရှိခဲ့ပါတယ်။ အချို့စေတီတွေကတော့ နတ်ဘီလူးကြီးများကို ရည်မှတ်ပြီး တည်ဆောက်ထား တဲ့ နတ်ကွန်းတွေဖြစ်ပါတယ်။ အချို့တော့ နတ်ကြီးတယ် ဆိုပြီး မခူးကြနဲ့ မဖျက်ဆီးကြနဲ့ စသည်ဖြင့် သီးခြား သတ်မှတ်ထားတဲ့ ဥယျာဉ်ကြီးတွေဖြစ်ပါတယ်။ အချို့စေတီတွေဟာ တောင်တွေဖြစ်ပါတယ်။ အချို့ကတော့ တောတွေဖြစ်ပါတယ်။
စေတီဆိုတဲ့ အဓိပ္ပာယ်
စေတီဆိုတဲ့ အဓိပ္ပာယ်မှာ အရိုအသေပြုအပ်သော အရာ၊ ဌာန အားလုံးပါဝင်ပါတယ်။ အဲဒါကြောင့် မြန်မာလို ပြန်ရင် အရိုအသေပြုအပ်သော သင်္ကေတ ဆိုတာပဲ သင့်တော်မယ်ထင်ပါတယ်။
ထေရဝါဒဗုဒ္ဓသာသနာပြင်ပမှ စေတီများ
ဟိန္ဒူ ဘုရားစေတီများ ၊ ဒီနေ့ခေတ် Holy City တွေအဖြစ် သတ်မှတ်ခံထားရတဲ့ လာဆာ၊ မက္ကာ၊ ဂျေရုဆင် တို့လို မြို့တော်တွေဟာလည်း သက်ဆိုင်ရာ ဘာသာဝင်တို့ရဲ့ အရိုအသေပေးရာ ဌာနတွေ ဖြစ်လို့ အထက်က ပြောခဲ့တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် အတိုင်းပြောရရင် စေတီခေါ်ထိုက်ပါတယ်။
(အခုပြောခဲ့တဲ့ စေတီတွေကတော့ ထေရဝါဒဗုဒ္ဓသာသနာ ပြင်ပက စေတီတွေပါ )
ထေရဝါဒဗုဒ္ဓသာသနာတွင်းက စေတီ(၄)မျိုး
ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အရိုအသေအလေးအမြတ်ပြုကြတဲ့ သာသနာတွင်း စေတီတွေကတော့ အားလုံး သိကြတဲ့အတိုင်း ၄-မျိုးရှိပါတယ်။
၁) ဓာတုစေတီ-ဘုရား၊ ရဟန္တာများ၏ ဓာတ်တော်များ
၂) ဓမ္မစေတီ-ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ
၃) ပရိဘောဂစေတီ- ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံးအဆောင်များ
၎) ဥဒ္ဒိဿကစေတီ- ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွားဆင်းတုတော်များ
ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အလေးအမြတ်ပြုတဲ့ နေရာဌာနတွေလည်း ရှိသေးပါတယ်။ အဲဒါတွေကတော့ ဗုဒ္ဓဂါယာ အစရှိတဲ့ သံဝေဇနိယ လေးဌာနတို့ပါပဲ။
ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အထက်က ဖော်ပြခဲ့တဲ့ စေတီတွေ၊ သံဝေဇနိယ လေးဌာနလို နေရာတွေ အရိုအသေပေးကြ၊ ကိုးကွယ်ကြတဲ့ အခါမှာလည်း နည်းလမ်းမှန်ဖို့ အရေးကြီးလှပါတယ်။ ဗုဒ္ဓရှင်တော် မရှိတော့တဲ့ နောက်ပိုင်းကျမှ ဗုဒ္ဓရှင်တော်အမှတ်တရ အဖြစ်နဲ့ သင်္ကေတပြုထားတဲ့ အရာတွေကို မဆိုထားနဲ့ ဗုဒ္ဓရဲ့သက်ရှိထင်ရှား ကိုယ်ကာယကြီးကို ကိုးကွယ်တာတောင် နည်းမှန်လမ်းမှန် မဟုတ်ရင် ဗုဒ္ဓက အားမပေး ခဲ့ပါဘူး။ ကဲ့ရဲ့တော်မူခဲ့ပါတယ်။
ကိုးကွယ်ပုံနည်းလမ်းမမှန်တဲ့အခါ ဓာတ်တော်စစ်တွေ၊ ပရိဘောဂ အစစ်တွေ ရှိနေသော်လည်း ဗုဒ္ဓရှင်တော်နဲ့ လုံးဝမလွဲ တစ်ထေရာတည်းတူတဲ့ ပုံတော်ထုလုပ်ထားလည်း အကျိုးများမှာ မဟုတ်ပါဘူး။ ဂါယာအစရှိတဲ့ ဒေသတွေကိုသွားလည်း ငွေကုန်လူပန်းတာက လွဲလို့ သံသရာအတွက် အကျိုးမများပါဘူး။ ဂါယာက ပြန်လာလို့ လည်း ဘာမှ မဖြစ်ပါဘူး။
ကျွန်တော်နားလည်သလို ပြောရရင် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ရဲ့ စေတီကိုးကွယ်ခြင်းဟာ ဗုဒ္ဓဘုရားရှင်ဆီက ကယ်တင်ခြင်း တစုံတရာကို လိုချင်လို့၊ ကောင်းချီးမင်္ဂလာ မြှောက်စားခြင်း တစုံတရာ လိုချင်လို့ မဟုတ်တာ တော့ သေချာပါတယ်။
မြန်မာပြည်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များ နှင့် ဗိသုကာပညာရပ်
ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦးဆုံးသော ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီ
ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦးဆုံးသော ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီးဖြစ်ပါတယ်..
( မှတ်ချက်။ ဤစေတီတော်သမိုင်းနှင့် ပတ်သက်၍ ရွှေတိဂုံဘုရားသမိုင်း စာအုပ်တွင် အသေးစိပ် ဖတ်ရှုနိုင်သည့် အတွက်.. ယခု မဖော်ပြတော့ပါ )
ဒါကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီ ကို ရည်ညွှန်းတဲ့အခါမှာ ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့ သာ ကိုးကား ဖော်ပြလိုပါတယ်...
ဗိသုကာပညာရပ်တစ်ခုအနေဖြင့် လေ့လာကြည့်မည်ဆိုပါက ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာတို့ ၏ သီးခြားဗိသုကာ လက်ရာစင်စစ် ဖြစ်သည်ဆိုသည်ကို အောက်ပါအချက်များအရ သိရှိနိုင်ပါသည်
၁. ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံ ဆောက်လုပ်ထားပါတယ်.
( ဟိန္ဒူ ဘုရားစေတီများသည် အောက်ခြေအုတ်ခုံကို ဖြစ်စေ၊ မြေပေါ်ပိုင်း အဆောက်အဦကို ဖြစ်စေ အ၀ိုင်းပုံ နှင့် အခုံးပုံကို အခြေခံပြီး ဆောက်လုပ်ထားကြောင်း တွေ့ ရှိရမှာဖြစ်ပါတယ် . )
၂. ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာ သုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကို ဆဌဂံ မှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲ တည်ဆောက်ထားပါတယ်..ရည်ရွယ်ချက်
မှာ စတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိ ပသာဒ ဖြစ်ဖွယ် ပညာသားပါပါ ပြေပြေလေး ပြောင်းလဲယူခြင်းဖြစ်ပါတယ်..
၃. ပစ္စယာ သုံးဆင့် ပေါ်တွင် အမျှဝေခြင်း အထိမ်းအမှတ် ခေါင်းလောင်း မှောက်ကို တည်ထားရာ ခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်း စည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ခြင်း၊ အခုံးနဲ့ အခွက်ကို ကြည့်သူရဲ့ အမြင်တွင် သဟဇာတဖြစ်အောင် ဆက်ထားပုံကို ပညာရှင်များအနေနဲ့  အတုယူကြရပါတယ်
၎. ခေါင်းလောင်းမှောက်ရဲ့ အထက်တွင် ကြာမှောက် ကြာလှန်ကို တည်ထားပုံမှာလည်း သည်သဘော တရား ပင်ဖြစ်သည်
၅. ငှက်ပျောဖူးတွင် အထက်သို့ ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင် ထီးတော်နဲ့ ပြန်အုပ်ထားသော ဒီဇိုင်းမှာ လည်း ဖူးမြော်သူရဲ့စိတ်ကို ထိပ်ဆုံးသို့ အာရုံစုစည်းစေပြီးမှ ထီးတော်ကို ကြည်ညိုနိုင်စေရန် ဆွဲဆောင် သော လက်ရာမြောက်သည့် ဗိသုကာပညာရပ်တစ်ခုဖြစ်ပါတယ်
၆. ပုထိုးတော် ဒီဇိုင်းဖြစ်သော အာနန္ဒာ ဘုရားသည် ထိပ်ပိုင်းက ဟိန္ဒူ ဒီဇိုင်းဟု ထင်ရသယောင်၊ ဆင်သ ယောင် ရှိသော်လည်း လိုဏ်သုံးထပ် လုပ်ထားပုံမှာ လုံးဝမတူ ခြားနားခြင်းရဲ့ သက်သေဖြစ် ၊ ရွှေတိဂုံ ကဲ့သို့ မတည်ရခြင်းမှာ အပူပိုင်းဒေသ ရပ်ဝန်းတွင် တည်ရသည့်အတွက် ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကို ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့ တည်ခြင်း၊ လိုဏ်နံရံများရှိ ကျောက်ပန်း ဇကာများသည် အကောင်းဆုံး သက်သေဖြစ်ခြင်း
၊ အပြင်ဘက်ဆုံး ကျောက်ပန်း ဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိ ကျောက်ပန်း ဇကာသည် နေရောင်စစ်ရန် ဖြစ်ပြီး အတွင်းဘက်ဆုံး ရုပ်ပွားတော်များ တည်ထားရာ ဂန္ဓကုဋီ၏ နံရံရှိ ကျောက်ပန်း ဇကာသည်ကား လေပူ စစ်ရန် ဖြစ်ကြောင်း ကျောက်ပန်း ဇကာများရဲ့ ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ခြင်း။
ရည်ရွယ်ချက်မှာ ဘုရားဖူး လာသူသည် နေပူ၊ လေပူ၊ ဖုန်ထူ တို့ကို ဖြတ်ပြီး ဘုရားဖူး လာရာတွင် ပုထိုးတော် ထဲသို့ ရောက်သည်နှင့် လူရော စိတ်ပါ အေးချမ်း တည်ငြိမ် သွားစေရန် ရည်ရွယ်ကြောင်း၊
နေပူထဲမှ လာသော စိတ်ပျံ့လွင့် နေသော ဘုရားဖူးသူကို အလင်းရောင် စစ်ထား သောကြောင့် မှောင်သယောင် အလင်းမှိန်သော ပုထိုးတော်ထဲတွင် စိတ်ကို တည်ငြိမ် စေပြီးမှ ရုပ်ပွားတော် ပေါ်တွင်သာ အလင်းကျ ရောက်နေ စေရန် စီစဉ်ထားသော ဗိသုကာ လက်ရာကြောင့် အမှောင်ထဲတွင် လင်းနေသော ရုပ်ပွားတော်ကို ဖူးမြော်စေလေရာ ကြည်ညို သဒ္ဓါစိတ်ကို ဖြစ်ပေါ်စေခြင်း၊
စိတ်ပညာကိုပါ အသုံးပြုကာ ဘုရားကို ထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြင့် ဆောက်လုပ်သော ဗိသုကာ လက်ရာ ကို အရှေ့တောင် အာရှ တခွင်တွင်ရော၊ တကမ္ဘာလုံး တွင်ပါ မတွေ့ ရှိရခြင်း
ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမက မည်သည့်လူမျိုး၊ ဘာသာရဲ့ အထိမ်းအမှတ် မှာမှ မမြင်ဖူး သောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ ဖြစ်ကြောင်း သိရှိနိုင်ပါသည်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ဘုရားစေတီ ပုထိုးများ သို့ ပုံမှန် မဟုတ်တောင် မကြာခဏ သွားလာ ဖူးမြော် ကြသည်။ အထူးသဖြင့် နေ့ကြီးရက်ကြီးများတွင် လူငယ် လူကြီးမရွေး ဘုရားဖူး သွားကြလေသည်။ သူလိုကိုယ်လို ဘုရားဖူးနေကျ ဖြစ်သောကြောင့် ဖူးမယ့် သာ ဖူးလိုက်သည်။ ဘုရားကို ဘာလို့ သည်လို တည်ထား သလဲ ဆိုတာ၊ ဘုရားမှာ ဘာလို့ သည်လိုနေရာ တွေ ထည့်ထားသလဲ ဆိုတာ သေချာ စဉ်းစား ရှာဖွေကြသူ အင်မတန် နည်းပါသည်။ အမှုမဲ့  အမှတ်မဲ့ နေကြသူသာများပါသည်။
ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး သည်လိုပုံစံ တည်ထားရသလဲ။ ဘာကြောင့် ပစ္စယာ ကို ၃ဆင့် ထားရ သလဲ။ ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို ဘာ အဓိပ္ပာယ်နဲ့ ထည့်ထားသလဲ။ ဘုရားမှာ ဘာကြောင့် ကြောက်စရာ ဘီလူးပန်းဆွဲ ဆိုတဲ့ပုံနဲ့ ဗိသုကာ လက်ရာ ပါနေရသလဲ။ ဖောင်းရစ်က ဘာလို့ ခုနှစ်ရစ် ဖြစ်နေရသလဲ။ ကြာကို ဘာကြောင့် မှောက်လိုက် လှန်လိုက် ထည့်ထားရသလဲ။ ဘာကြောင့် ကြာပန်းကိုမှ ရွေးထည့်ရသလဲ.. စသည် စသည်ဖြင့်
ယခု ဤစာဖတ်နေသော.. မိတ်ဆွေကရော..
( ကျနော်သည်လည်း.. ဤသို့ အမှုမဲ့ အမှတ်မဲ့  နေခဲ့ပါသည် ။ မိမိ၏ လေ့လာမှု အားနည်းခြင်းကြောင့်
အခြားသော ဘာသာခြား သူငယ်ချင်းများမှ မေးမြန်းသောအခါတွင် သီးသန့် အဓိပ္ပါယ်ရှိတယ်..ဒါပေမယ့် မိမိမှာ မသိသေးကြောင်း ၀န်ခံ ဖြေကြားခဲ့ရသည်က များပါသည်။ ကဲ့ရဲ့ သူများရှိသောအခါတွင်လည်း လူငယ်စိတ်ဖြင့် မခံချင်စိတ်များကြောင့် အချို့ သော ဥပမာများဖြင့် ပြဿနာကို ဖြေရှင်းခဲ့ရသော်လည်း ရင်ထဲတွင် မကောင်းလှပါ..ကျေနပ်အားရမှု မရှိခဲ့ပါ )
ဘာကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီတွေကို ယနေ့ တွေ့ မြင်နေရသော ပုံများအတိုင်း တည်ထားခဲ့ပါသလဲ
ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီတစ်ခု ၏ အောက်ပါ အစိတ်အပိုင်းများနှင့် အမည်များက မည်သို့ သော အချက်များကို ရည်ညွှန်းနေကြသနည်း..
၁။ ပန်းတင်ခုံ
၂။ပစ္စယာ ၃ ဆင့်
၃။ခေါင်းလောင်းမှောက် ( သို့  ) သပိတ်မှောက်
၎။ဘီလူးပန်းဆွဲ
၅။ခါးစည်း ခေါ် ရင်စည်း ၃ ချောင်း
၆။ဖောင်းရစ် (၇)ရစ်
၇။ ကြာမှောက်
၈။ ရွှဲလုံး
၉။ ကြာလှန်
၁၀။ ငှက်ပျောဖူး
၁၁။ထီးတော်
၁၂။ငှက်မြားနှား
၁၃။ထီးတော်
၁၄။ စိန်ဖူးတော်
ယင်းတို့ အပြင် စေတီအနီးရှိ ဟင်္သာနားနေဟန် တံခွန်တိုင်ကို ဘာကြောင့် တည်ဆောက်ထားကြသလဲ....
၁. ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ လောကုတ္တရာနည်းနဲ့ ပိုင်းခြားရင် အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေ အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး ဥပမာပေးခြင်း၊ ဘုရားကို ပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင် အမြင့်ခုံပုံ ဆောက်လုပ် ပေးထားခြင်းကြောင့် ပန်းတင်ခုံဟု အမည်ပေးခြင်း
၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကို ရည်ညွှန်းကြောင်း၊
ယင်းတို့မှာ
ဘ၀မရှိမှုကို လိုချင်ခြင်း
(နိဗ္ဗာန်ကို လိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံး သူ့သဘောနဲ့ သူ ဖြစ်ပျက်မှုကို သိပြီး အစွဲကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင်ပါသည်။ ထို့ကြောင့် အကျင့်တရားမရှိဘဲ နိဗ္ဗာန်ကို လိုချင်ခြင်းသည် ဒိဌိ တမျိုးသာဖြစ်သည်။)၊
ဘ၀ကိုလိုချင်ခြင်း၊
ကာမဂုဏ်တရားများ (ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ) တို့ကို လိုချင်ခြင်း ဟူသော လောကုတ္တရာနယ်ရဲ့ အောက်ခြေက တဏှာသုံးပါးကို သတိပေးရန် ပစ္စယာ ကို ၃ဆင့် ထားရခြင်း
၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ လက်မခံ ဟူသော အဓိပ္ပာယ်ဖြင့် သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်းညွှန်ခြင်း
၎. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန် ပန်းကို လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်ကို ဘီလူးပန်းဆွဲ ဖြင့် ဥပမာပေးခြင်း၊
ပုံပန်းသဏ္ဍာန် ၅ခုမြောက်တွင် ဘီလူးပန်းဆွဲကို ထားခြင်းမှာ
ဥာဏ်စဉ် ၁၆ပါးရှိသည့်အနက် ၅ဆင့်မြောက် ဘယဥာဏ်ကို ညွှန်းဆိုလိုသောကြောင့် သည်နေရာတွင် ဘီလူးပန်းဆွဲ ကို ထားခြင်း၊
(အထက် မြန်မာပြည်တွင် ဘီလူးကို ပါအောင်ထည့်ပြီး အောက်မြန်မာပြည် တွင်မူ ဘီလူး ထားခြင်း အဓိပ္ပာယ်ကို တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကို အပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်း ဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ ထည့်လေ့ရှိသည်ကို သီးခြား မှတ်သား နိုင်ပါသည်။ )
သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင် ယောဂီများကို တရားစစ်ရာတွင် အဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် မရခင် အခြေခံ ဥာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း
၅. ခါးစည်း ခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာ
မိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန် သတိပေးလိုခြင်း
၆. ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း
၇. စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကို ထားခြင်းသည် တရားအားထုတ်နေသော ယောဂီဖြစ်လျက် သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် ရခါနီး ဥာဏ်စဉ် ၁၄ဆင့်မြောက် ရောက်နေစေဦးတော့ သံသရာအတွက် စိတ်မချရသေးဘဲ ထိုအချိန်တွင် မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာ လုပ်မိနိုင်သေးကြောင်း၊ ထိုသို့လုပ်မိပါက အောက်သံသရာ အပါယ်လေးဘုံသို့ မှောက်မှောက်မှားမှား ပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း
၈. ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿန နယ်ကို ပြဆိုပြီး ဥာဏ်စဉ် အမှတ် ၁၅နှင့် ၁၆သည် အခြားမရှိ ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀၊ လောကီနယ်မှ လောကုတ္တရာသားဘ၀၊ လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း
၉. ကြာလှန်သည် ထို ဥာဏ်စဉ် ၁၆ပါးလုံးကို ရရှိပြီးပါက သောတာပန် ဖြစ်ပြီ ဖြစ်ပြီး အောက်သံသရာကို ပြန်စရာမရှိတော့ဘဲ အထက် မဂ်ဖိုလ်များကို ရရှိကာ အလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာ ကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာ ၀င်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း
၁၀. သင်္ကေတ၀ါဒ အရ ကြာပန်းကို ထားရခြင်းမှာ ရေမှာ နွံမှာ ပေါက်ဖွားသော ကြာပင်ဖြစ်လျက် ရေမစို၊ နွံမလူး၊ မွှေးကြိုင် သင်းပျံ့ခြင်း ရှိသော ကြာပန်းကဲ့သို့ လောကီနယ်မှ လူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင် ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်း တို့တွင် အဓိပ္ပာယ် ဆင်တူသော ဂုဏ်ရည်ချင်းကို ဥပမာ ခိုင်းနှိုင်း လိုသောကြောင့် ကြာပန်းကို သုံးခြင်းဖြစ်ကြောင်း၊ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ် ခံစဉ်တွင်လည်း ကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်း ကြာပွင့်များ အလိုလိုပေါ်လာကာ ခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း၊
ငှက်ပျောဖူး ဆိုတာ ငှက်ပျော တစ်ပင်ရဲ့ နိဂုံး သင်္ကေတ ပါပဲ။ ပေတစ်သီး ကျီးတစ်သား ငှက်ပျော တစ်ပင် တဲ့။ ငှက်ပျော တစ်ပင်ဟာ ငှက်ပျောဖူး ထွက်လာပြီး ငှက်ပျော တခိုင် သီးပြီးတာနဲ့ သူ့ဘ၀ ပြီးဆုံး ရသလို ကြာလှန် အဆင့်ဖြစ်တဲ့ (သံသရာမှာ အောက်သံသရာကို လည်စရာ မလိုတော့တဲ့ နိဗ္ဗာန် ရောက် ဖို့ သေချာ နေတဲ့) သောတာပန် အဆင့်ကို ရောက်ပြီ ဆိုရင် သံသရာမှာ ဆက် ရှင်သန် ကျင် လည် စရာ မလိုတော့တဲ့ အတွက် သံသရာ ပြီးဆုံးတဲ့ အတွက် ငှက်ပျောဖူးနဲ့ တင်စား တာပါတဲ့။ ငှက်ပျောဖူး ပြီးရင်တော့ အထက် မှာ ထီးတော်ပဲ ရှိတော့တာမို့ ထီးတော်နဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေ အကြောင်းကို အောက်မှ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ပေဖူး ပုံ မသုံးဘဲ ငှက်ပျောဖူး ပုံ သုံးရခြင်း အကြောင်းက မျက်စိ အမြင်ထဲ မှာ ပုံပန်း သဏ္ဍာန် အရ ကြည်ညို သပ္ပါယ ဖြစ်မယ့်ပုံကို ရွှေးချယ်ခြင်းဖြစ်မယ်လို့ ထင်မြင်မိပါတယ်။ တစ်ခြားအကြောင်းကြောင့်ဆိုရင် သိတဲ့သူများ ဖြည့်စွက်ပေးကြစေလိုပါတယ်။ သိရှိရသလောက် ငှက်ပျောဖူးဟာ အထက်ကိုပဲ တသမတ်တည်း ရှူးပြီး ထီးတော် ခုနှစ်ဆင့် အဖြစ် တက်သွား သလို သောတာပတ္တိ မဂ်ဥာဏ် ရပြီး သား သူဟာလဲ အထက်မဂ် ဖိုလ် ၇ဆင့် ဆီကို တသမတ်တည်း အစဉ်လိုက် ရရှိ ရောက်ရှိ သွားတဲ့ သဘောကို ဖော်ကျူးတဲ့ အနေနဲ့ ငှက်ပျောဖူးကို ကြာလှန်နဲ့ ထီးတော် ၇ဆင့်ကြား အချိတ်အဆက် မိမိ တည်ထား ဆောက်လုပ် ထားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ရွှေတိဂုံ ဘုရား သမိုင်း စာအုပ်ငယ်မှာ ဖတ်ရှုနိုင်ပါတယ် )
၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း
၁၂. ငှက်မြတ်နား ဆိုသည်မှာ ဘုရား၊ ရဟန္တာတို့ လက်ရှိဘ၀မှ နိဗ္ဗာန်သို့ မ၀င်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန် မပြုမီ ခေတ္တခဏ နားနေရာအချိန်အခိုက်အတန့်ကို ပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေတိဂုံဘုရား၏ ထို ဟင်္သာအမြီးပုံ ငှက်မြတ်နားတွင် ပတ္တမြားကို ထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကို မြုပ်နှံဌာပနာ ထားခြင်းသည် အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နား ဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့ အများသူငါ တွေးထင်သလို ငှက်မြီးပုံကို ငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာ တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသော ဟင်္သာပုံ နက္ခတ်ကို ယူကာ သည်စေတီကို တည်ထားကိုးကွယ်သော မြန်မာနိုင်ငံသားများ၏ အစွမ်းအစကို သမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊ ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ် သို့ ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း၊
၁၃. စိန်ဖူးတော် သည် အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။ အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြင့် ပြင်လို့ရနိုင်သေးသဖြင့် သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကား မည်သို့မျှ ပြန်လည် ပြုပြင် ပြောင်းလဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့် အသင်္ခတဓာတ်ဖြစ်ကြောင်းကို ရည်ညွှန်းခြင်း
(က) ကာဗွန်ဒြပ်စင် သည် မီးသွေး၊ ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီး လေးဆင့်ရှိရာတွင် စိန်အဆင့်တွင် ကာဗွန်ဒြပ်စင်သည် အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တ မဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာ တို့တွင် ထိပ်ဆုံးအဆင့် ဘုရားသည် ကိလေသာ လုံးဝစင်ကြယ်ဆုံး အဆင့်ရောက်နေသည်ကို ပြဆိုခြင်း၊
(ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှု လုံးဝမရှိတော့ခြင်း ဟူသော ဂုဏ်ရည်တူချင်း ခိုင်းနှိုင်း ဥပမာ ပေးထားခြင်း
သည်နေရာတွင် ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ် ဖြာထွက်နေသော်လည်း စိန်ဖူးတော်ကို ဘာကြောင့် တလုံးတည်း ထားသနည်းဟူသော မေးခွန်းရှိလာပါသည်။ ရဟန္တာ ကိုယ်တော် ကြီး များသည်ကား အချင်းချင်းတွင် ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင် သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနား ကြသော်လည်း နိဗ္ဗာန်သို့ ၀င်စံတော် မူကြသည့် အခါတွင်ကား တူညီသော တခုတည်းသော အသင်္ခတဓာတ်သို့သာ သက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်း ထားခြင်းဖြစ်လေသည်။
၁၄. အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာ သတိပဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့ ဆောက်လုပ် တည်ထား ကိုးကွယ်သော စေတီဖြစ်ပြီး စေတီ တည်ရခြင်း အကြောင်း အနှစ်တရား များကို သိရှိပြီး ကြည်ညို ပူဇော်ပါက အဖိုးမဖြတ် နိုင်သော အကျိုးကျေးဇူးတရားများ ခံစားကြ ရမည် ဖြစ်လေသည်။သို့သော် အထက်ပါ အချက်များနဲ့ မပြည့်စုံသော စေတီဖြစ်ပါက ဓာတ်ရိုက် ဓာတ် ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့ တည်ထားသော စေတီ မျှသာ ဖြစ်ကြောင်း သိရှိ နိုင်ပါသည်။ ထိုစေတီ များကို ဖူးမြော်ပါက စီရင်သူရဲ့ ရည်ရွယ်ချက်နှင့် ဖူးမြော်သူရဲ့ စိတ်စေတနာ အလိုက်သာ အကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည် ထင်ပါသည်။
ထို့ပြင် ဘုရားများတွင် တွေ့ရလေ့ရှိသော တိုင်ထိပ်တွင် ဟင်္သာနားနေဟန် တံခွန်တိုင်အကြောင်းကိုလည်း ရှာရှာဖွေဖွေ သိလိုက်ရသည်။ မာနတံခွန်တက်နေသူများ ဘုရားထံမှောက် ရောက်လိုလျှင် မာနကို အရင်ချ ခဲ့ရန် သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်က ဘုရားသို့ လာသူများသည် တံခွန်တိုင်ကို မြင်သည့်အရပ်မှ စတင် ကာ မာနချသည့်အနေဖြင့်ရော အရိုအသေ ပေးသည့် အနေဖြင့်ပါ ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊ မာနခံနေပါက တရားမရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသော သူများ ဖြစ်သောကြောင့် ငါစွဲ ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည် တရားရဖို့ ခဲယဉ်းကြောင်း၊ ယင်းမာနကို ဘုရားပေါ်မရောက်ခင် အဝေးကတည်းက သတိပေးသည့် အနေဖြင့် တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း ဖြစ်ကြောင်း သိရလေသည်။
သည်လောက်တောင် စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို အံ့သြချီးကျူးလို့ မဆုံးနိုင်တော့ပါချေ။ ထို အဟောင်းများရဲ့ အနှစ်များကို မသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ ဖြစ်စေ ငါက အသစ်ထွင်တယ် ဆိုသော စကားကို လက်ကိုင်ပြုပြီး အဟောင်းကို ဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ်ကို ရောခြင်းများကို ပညာမဲ့ပီပီ ပြုလုပ်နေကြသူ တချို့ကို တွေ့တိုင်း စိတ်မကောင်း ဖြစ်ရပါသည်။ သူတို့စိတ်ထဲတွင်တော့ သမိုင်းတွင် ငါ့ထက်တော်သူမရှိစေရ၊ ငါက သမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလို ပြင်နိုင်သည်ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့ အ၀ီစိကျမည့် သမိုင်းတရားခံများ ဟု သာ သတ်မှတ်ကာ သနားလေမည်။ အဟောင်းရဲ့ အနှစ်သာရ ကို အရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ ထက်သာသော အသစ်ကို ထွင်နိုင်ပါမှ တိုးတက်ခြင်း အစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သို့မဟုတ်ပဲ အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျ လှသော အစုတ်ပလုတ်များနှင့် သည်လို လျှောက်လုပ်ရင် အစုတ်ပလုတ်တွေ ဖြစ်ကုန်တတ်တယ် ဟု ဥပမာ ပြစရာများသာ ကျန်ခဲ့မည် ကိုလည်း သတိတရား ရလိုက်ပါသည်။
ဤနေရာတွင် ယနေ့ ခေတ် ရွှေတိဂုံစေတီတော်ကြီး အပါအ၀င် မြန်မာပြည်အရပ်ရပ်ရှိ ထေရ၀ါဒ စေတီတော် များတွင် အခြားသော အယူဝါဒများ၏ မိရိုးဖလာ ကိုးကွယ် ယုံကြည်မှုများဖြင့် စနစ်တကျ အပင်းသပ် ခံထားရ သော အချက်အလက်များကို တင်ပြလိုပါသည်။ ယခု ပိုစ့်တွင် အသေးစိပ်တင်ပြလိုသော်လည်း. သီးခြား ခေါင်းစဉ် ခွဲ၍ တင်ပြလိုပါသည်။ မိမိထက် ပို၍ နားလည်တတ်ကျွမ်းသောသူများမှလည်း ပိုစ့်များ ရေးသား စေလိုပါသည် ။ ယင်းမှာ စေတီတော် အရပ် ( ၈) မျက်နှာရှိ ဂြိုလ်ခွင်များ ၊ ဘိုးတော်ရုပ်များ ၊ နတ်ကွန်းများ နှင့် အခြားသော ထေရ၀ါဒဗုဒ္ဓဘာသာ စေတီများ နှင့် အနည်းငယ်မျှ သက်ဆိုင်ခြင်းမရှိသော ကိုးကွယ် ယုံကြည်မှု များမှာ ထေရ၀ါဒစေတီများပေါ်တွင် တရားဝင် ဗီဇာ ဖြင့် မတော်တရော် နေရာယူထားမှုများ ဖြစ်ပါသည်။
အင်ဂျင်နီယာ ဖိုရမ်မှ phyo ရေးသော ပို့စ် အားပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
သံဝေဇနိယလေးဌာနသို့မသွားမီ ဖတ်ကြည့်စေချင်
ဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့ အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ထဲက ဂယာဆိုတဲ့ နေရာဒေသဟာ ဗုဒ္ဓဘာသာဝင်တွေအဖို့ ဗုဒ္ဓဂယာ ဘုရားဖူးသွားကြစို့လို့ ရည်မှန်းကြရတဲ့ မြို့လေးပါ။ ဗုဒ္ဓပွင့်ခဲ့တဲ့ မဟာဗောဓိညောင်ပင်ဟာ ဂယာနဲ့ နီးနီးကပ်ကပ်ရှိနေလို့ ဒီနေရာ နှစ်ခုကို ပေါင်းစပ်ပြီးတော့ ဗုဒ္ဓဂယာလို့ ခေါ်ကြတာကို ၁၈ ရာစုကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။ ရှေးယခင်ကတော့ မဟာဗောဓိပင်ရှိရာမြေလို့ အဓိပ္ပာယ်ရတဲ့ ဗောဓိမဏ္ဍ လို့ ခေါ်ကြပါတယ်။
Gaya_01_IMG_3172
ဗုဒ္ဓပွင့်ခဲ့တဲ့ မဟာဗောဓိညောင်ပင်ရှိရာ မဟာဗောဓိ စေတီတော် (ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)
ကမ္ဘာတ၀န်းက ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားကြတဲ့၊ ရှေးဟောင်းယဉ်ကျေးမှု စိတ်ဝင်စားသူတွေ လာရောက်ကြတဲ့ နေရာတခုဆိုပေမယ့် အိန္ဒိယရဲ့ အပူဒဏ်လွန်ကဲတဲ့ ဒေသမှာရှိတာမို့ အခုလို နွေရာသီကို ရောက်လာပြီဆိုရင် ဆောင်းတွင်း ကာလ တွေတုန်းက အရောင်စုံဧည့်သည်တွေနဲ့ စည်ကားနေတတ်တဲ့ ဂယာဟာ နေရောင်ပြင်းပြင်း၊ တံလျှပ်တွေနဲ့ ဖုန်တလုံး လုံးအောက်မှာ ခြောက်သွေ့တဲ့အသွင်အပြင်တွေဘက်ကို ပြောင်းလို့လာနေပါတယ်။
ဗုဒ္ဓကျမ်းဂန်တွေမှာ ဖတ်ရဖူးတဲ့ တောက်ပသော နီလာရောင် ပြာသောအဆင်းနဲ့ နီလဇလံ မြစ်ဆိုတဲ့ နိရဉ္ဇရာမြစ်ကြီးဟာလည်း ရေတစက်မှ မရှိ၊ သဲတွေအတိဖြစ်နေပေမယ့် နေပူဒဏ်မကြောက်တဲ့ အိန္ဒိယတိုင်းသား ကလေးငယ်လေးတွေကတော့ ဘုရားဖူးရာသီလက်ကျန် ခရီးသွား တယောက်တလေဆီက စွန့်ကြဲပေးလှူမယ့် ငွေအကြွေလေးတွေ ရနိုးနိုးနဲ့ ဗုဒ္ဓပွင့်တော်မူရာ မဟာဗောဓိ စေတီတော်ဝင်းအတွင်းမှာ စောင့်မျှော်နေကြဆဲပါ။
ချိုင့်ဝှမ်းလေးတခုထဲမှာ ရှိနေတဲ့ မဟာဗောဓိ စေတီတော်ရင်ပြင်မှာတော့ ညနေ ၄ နာရီအချိန်ဖြစ်နေတာတောင် ခြေချမရနိုင် လောက်အောင် ပူလွန်းလှပါတယ်။ ဘုရားဖူးတွေနဲ့ စည်ကားလေ့ရှိတတ်တဲ့ ညနေ ၆ နာရီလောက်မှာတော့ နီညိုရောင် ယောဂီ ၀တ်စုံနဲ့ မြန်မာဘုရားဖူးတွေ၊ မီးခိုးရောင်ဝတ်စုံတွေနဲ့ ဗီယက်နမ် သီလရှင်တွေ၊ အဖြူရောင် ယောဂီဝတ်စုံနဲ့ ထိုင်းဘုရားဖူးတချို့၊ ရိုးရာဝတ်စုံနဲ့ တိဘက်ဘုရားဖူးတချို့ တဖွဲဖွဲရောက်လာကြပြီး ဘုရားဝတ်ပြုကြတာကို တွေ့ရပါတယ်။ စေတီတော် ပရ၀ုဏ် အထဲမှာတော့ သစ်ရိပ်တွေ ရှိနေပေမယ့် ပူလောင်နေဆဲပါပဲ။
ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်အတွက် အကောင်းဆုံးအချိန်တွေဟာ စက်တင်ဘာကနေ ဒီဇင်ဘာလဆန်းနဲ့ ဖေဖော်ဝါရီ လကုန်ပိုင်း လောက်ကနေ သင်္ကြန်မတိုင်ခင် ဧပြီလဆန်းအထိကာလတွေပါ။ ကျန်တဲ့အချိန်တွေကတော့ ပူလွန်းအေးလွန်းတာကြောင့် ဘုရား ဖူး တွေအတွက် သက်သောင့်သက်သာ မရှိလှပါဘူး။
Gaya_02_IMG_2851
ဗုဒ္ဓဖွားတော်မူရာ နီပေါနိုင်ငံ လုမ္ပီနီ ဥယျာဉ်ထဲက အထိမ်းအမှတ်ကျောက်စာတိုက်နဲ့ အထိမ်းအမှတ်ကျောက်ပြား ထိန်းသိမ်းထားရာ အဆောက်အဦ (ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)
ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်ကို မြန်မာပြည်ကနေ ပို့ဆောင်ပေးနေတဲ့ လုပ်ငန်းတွေကတော့ သာသနာရေး ဦးစီးဌာန လက်အောက် ခံအဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ အောင်ချမ်းသာ၊ ရန်ကုန်နဲ့ အခြားကိုယ်ပိုင်လုပ်ငန်းတွေကတော့ ဒါနတိုး၊ မဟာတိုး၊ နီလာတိုး၊ ရွှေမဟာ၊ မိဂဒါဝုန်၊ အောင်ပန်း၊ မဇ္ဈိမဂုဏ်၊ ကျော်အောင်စံထား၊ သမ္မတ၊ ရွှေမှီ၊ ရွှေမဂ္ဂင်၊ ပိတောက်ရွှေဝါ စတာတွေပါ။
အိန္ဒိယနိုင်ငံက မြန်မာ ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးတာကြောင့် ဗီဇာရယူဖို့လွယ်ကူလာတာအပြင် ရန်ကုန်ကနေ ဂယာ တိုက်ရိုက်ပြေးဆွဲပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI)က ခရီးစဉ်တွေဆွဲပေးလာတာတွေ၊ အဲ
မန္တလေး ကလည်း ရန်ကုန်-ဂယာ၊ မန္တလေး-ဂယာ တိုက်ရိုက်ခရီးစဉ်တွေ တိုးချဲ့လာတာတွေကြောင့် ဒီ ၂၀၁၀-၂၀၁၁ ဘုရားဖူး ရာသီမှာကတော့ လာမယ့် မေလကုန်အထိ ဘုရားဖူးခရီးစဉ်တွေရှိနေဦးမယ်လို့ သိရပါတယ်။
ဒီလိုခရီးစဉ်တွေ တိုးချဲ့လာပြီး ဘုရားဖူးတွေ ဂယာကို နှစ်စဉ်နဲ့အမျှ တိုးများလာတာ ကောင်းပေမယ့် အဓိကဖြစ်တဲ့ ရာသီဥတု အခြေအနေနဲ့ လမ်းခရီးမှာ တွေ့ကြုံရနိုင်တာတွေကို တင်ကြိုရှင်းပြမထားတတ်တဲ့ ၀ိသမလောဘ စီးပွားရေးလုပ်ငန်းရှင်တချို့ကြောင့် ဘုရားဖူးတွေ ဒုက္ခရောက်ကြရတယ်လို့ ဂယာက မြန်မာရဟန်းတော်တပါးက ဧရာဝတီကို မိန့်ပါတယ်။
အိန္ဒိယရဲ့ မိုးခေါင်ရေရှားရပ်ဝန်းက ဂယာရဲ့ နေ့လယ်ခင်း အပူချိန်က အနည်းဆုံး ၃၅ ဒီဂရီ စင်တီဂရိတ်ကနေ ၄၁ ဒီဂရီ စင်တီ ဂရိတ် အထိ ရှိနေတာပါ။ ဒီလို ပူပြင်းတဲ့အထဲ ခရီးပန်းတာနဲ့ ပေါင်းလိုက်မိတော့ မြန်မာဘုရားဖူးအဖွဲ့တွေက သက်ကြီးရွယ်အို တွေ သေဆုံးတာ၊ အပူရှပ်ပြီး နေထိုင်မကောင်းဖြစ်တာတွေ ရှိလာတယ်လို့ ဆရာတော်က မိန့်ပါတယ်။
“ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့က ဒေါ်ငြိမ်းတင် (၆၈)နှစ်ဟာ သာဝတ္တိမှာ ဆုံးသွားတယ်။ နေ့လယ် ၁ နာရီခွဲလောက်က။ နေပူထဲ ဘုရားဖူးပြန်လာပြီး နားနေတုန်း ရှော့ခ်ဖြစ်သွားတာ။ နောက်တယောက်ဆိုလည်း ကာလကတ္တားမှာ အဲ့ဒီလိုပဲ ပူပြီး ရှော့ခ်ရ တော့ ဦးနှောက်ခွဲစိတ်တာတွေ လုပ်လိုက်ရတယ်” လို့ ဆရာတော်က မိန့်ဆိုပါတယ်။
Gaya_03_IMG_2865
နီပေါနိုင်ငံ လုမ္ပီနီ ဥယျာဉ်ထဲက ဗုဒ္ဓဖွားတော်မူရာ အထိမ်းအမှတ်ကျောက်ပြား (ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)
ဗုဒ္ဓဂယာ ဘုရားဖူးလို့ အများသိကြတဲ့ ဘုရားဖူး ခရီးစဉ်မှာ ဗုဒ္ဓဖွားမြင်ရာနေရာ နီပေါနိုင်ငံ လုမ္ပီနီ၊ ဂယာအနီးနားဝန်းကျင်မှာရှိတဲ့ တရားကျင့်ရာ ဥရုဝေလတော၊ သဗ္ဗညုတ ဉာဏ် ရရာ မဟာဗောဓိညောင်ပင်နေရာ၊ ဓမ္မစကြာ တရားဦးဟောရာ ဗာရာဏသီမြို့အနီးက မိဂဒါဝုန်တောနေရာ၊ ကုသိနာရုံမြို့က ပရိနိဗ္ဗာန်စံရာ နေရာဆိုတဲ့ သံဝေဇနိယ လေးဌာနကို အဓိကထား သွားကြပါတယ်။
ဒီနေရာ လေးဌာနဟာ တနေရာနဲ့ တနေရာ အနည်းဆုံး မိုင်၃၀ကနေ မိုင် ၁၅၀ ကျော်အထိကွာဝေးပါတယ်။ ဒီခရီးကို ဘတ်စ် ကားတွေနဲ့သာ သွားကြရပါတယ်။ အိန္ဒိယနိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးတယ်ဆိုပေမယ့် ဗုဒ္ဓဂယာ ဘုရားဖူးသွားရာ လမ်းတလျှောက် မှာတော့ ချိုင့်ခွက်တွေ၊ ကတ္တရာအပြည့်မရှိတဲ့ အဝေးပြေးကားလမ်းတွေရယ်၊ မပြည့်စုံတဲ့ လေး၊ ရှော့ဘားတွေ၊ သက်သောင့် သက်သာမရှိတဲ့ ထိုင်ခုံတွေ၊ ပုံမှန်အလုပ်မလုပ်တဲ့ လေအေးပေးစက်တွေနဲ့ အငှားလိုက်ဘတ်စ်ကားတွေကိုသာ ဘုရားဖူးအဖွဲ့တွေ အားထားနေကြရတာပါ။
လမ်းမကောင်းတာရယ်၊ ကားမကောင်းတာရယ်၊ မဆင်မခြင်မောင်းနှင်လေ့ရှိတဲ့ ဒေသခံ ကားသမားတွေရယ်ကြောင့် ယာဉ် တိုက်မှုဖြစ်လို့ ဘုရားဖူးတွေ ဒဏ်ရာအနာတရဖြစ်တာ၊ အသက်ဆုံးရှုံးရတာတွေကိုလည်း မကြာခဏ ကြားရလေ့ရှိပါတယ်။
ဘုရားဖူးအဖွဲ့တွေမှာ လိုက်ပါလာတဲ့သူအများစုဟာ အသက် ၅၀ နဲ့အထက် သက်ကြီးရွယ်အိုတွေပါဝင်လေ့ရှိတာကြောင့် ဒီလို အပူလွန်ကဲတဲ့ ရာသီဥတုမျိုးမှာ လေယာဉ်ပေါ်ကနေ ဂယာလေဆိပ်ကိုဆင်းတာနဲ့ အပူဒဏ်ကို ရုတ်တရက်ခံစားကြရပြီး မူးမော်သူတွေလည်း ရှိကြတယ်လို့ ဆိုပါတယ်။
ဆရာတော်က “ဒီအချိန်က ချောက်၊ ရေနံချောင်း ပူတာထက်ကို ပိုတာ။ နေထွက်တာနဲ့ ပူ။ နွေရောက်လာလေလေ ပိုပူလေလေ ပဲ။ ဒီအချိန် မလာသင့်တော့ဘူးဆိုတာ ဘုရားဖူးတွေက မသိကြဘူး။ အဆင်ပြေတယ်ပဲ ထင်ကြတာ။ ဒါကို ဘုရားဖူးလုပ်ငန်း လုပ်နေသူတွေက ဘုရားဖူးရပြီးရော၊ ငွေရပြီးရော မလုပ်ဘဲ သေချာရှင်းပြ ပြောပြသင့်တယ်”လို့ မိန့်ပါတယ်။
ပုံမှန်အားဖြင့် သံဝေဇနိယ လေးဌာနကို ခရီးတပတ် ပတ်ဖို့မှာ ၁၀ ရက်အထက်အချိန်ပေးရင် ဘုရားဖူးတွေလည်း သက်သောင့်သက်သာနဲ့ အေးအေးဆေးဆေး ဘုရားဖူးနိုင်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒေလီမြို့နဲ့ ကာလကတ္တားမြို့ကိုပါ ခရီးစဉ်မှာ အပြိုင်အဆိုင် ထည့်သွင်းလာတာကြောင့် ခရီးစဉ်တခုကို ၁၅ရက်ကနေ ၁၈ ရက်အထိ ကြာမြင့်လာတယ်လို့ ဆရာတော်က မိန့်ပါတယ်။
ဆရာတော်က “ဒေလီတွေ၊ ကာလကတ္တားတွေကို တဖွဲ့နဲ့ တဖွဲ့ သာအောင် အပြိုင်ဆိုင်ထည့်လာကြတာ။ ရက်တိုနဲ့တမျိုး၊ ရက်ရှည်တမျိုး။ ခရီးတွေ ရှည်ပြီး ဘုရားဖူးတွေ ပင်ပန်းတာပဲ အဖတ်တင်တယ်။ အခုလို ပူတဲ့အချိန်ဆို ပိုဆိုးတာပေါ့”လို့ မိန့်ပါတယ်။
Gaya_04_IMG_2798
ပရိနိဗ္ဗာန်စံရာ ကုသိနာရုံ (ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)
ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တချို့ရဲ့ မြန်မာနိုင်ငံမှာတုန်းက ကြော်ငြာထားတဲ့ တည်းခိုနေထိုင်စရာ၊ စားရေးသောက်ရေးစတဲ့ ၀န်ဆောင်မှုတွေနဲ့ တကယ့်လက်တွေ့မှာ ကွာခြားနေတာတွေ၊ အဖွဲ့တွင်းမှာပါလာတဲ့ အရေးကြီးပုဂ္ဂိုလ်တွေနဲ့ ခွဲခြားဆက်ဆံ ခံရတာတွေ၊ ခရီးစဉ်မှာပါတဲ့ နေရာတွေအတိုင်း မပို့ပေးတာတွေကြောင့် ဘုရားဖူးတွေနဲ့ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တွေအကြား မပြေမလည်ဖြစ်ရတာတွေကလည်း ဒုနဲ့ဒေးပါပဲ။
နိုင်ငံရပ်ခြားကို ဘုရားဖူးထွက်တယ်လို့ ပြောတဲ့အခါ အများစု အမြင်မှာက ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်၊ တည်းခိုခန်း၊ ကောင်း မွန်တဲ့ စားသောက်ဖွယ်ရာတွေ၊ သက်သောင့်သက်သာရှိမယ့် ကားကြီးတွေနဲ့ သွားလာရမယ်လို့ တွက်ဆထားကြပေမယ့် အမှန် တကယ်မှာတော့ သံဝေဇနိယ လေးဌာနမှာ တည်ထားတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုရတာ၊ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့က စရိတ်ချွေတာစီမံလိုက်တဲ့ အစားအသောက်တွေနဲ့ အဆင်မပြေဖြစ်ရတဲ့အခါမှာတော့ စိတ်ချမ်းမြေ့စရာမရှိတဲ့ ဘုရားဖူးခရီးစဉ် ဖြစ်သွားရတယ်လို့ ဘုရားဖူးတယောက်က ဆိုပါတယ်။
သူက “ခရီးစဉ်ကိုဝယ်တုန်းက သူတို့ပြောတာနဲ့ လက်တွေ့ကြုံရတာတွေက တခြားစီဖြစ်နေတယ်။ အဖွဲ့မှာ လူကများလွန်းတော့ ဘုရားဖူးလည်း ပုဆိန်ပေါက်ပဲ။ အကုန် သွားသုတ်သုတ်၊ စားသုတ်သုတ်နဲ့ဆိုတော့ စိတ်ရောလူရော အနားမရဘူး။ ခရီးဝေးတော့လမ်းမှာစားဖို့ ထည့်ခဲ့တာတွေကလည်း အဆင်မပြေတာများတယ်။ ကားကလည်း သက်သောင့်သက်သာမရှိတော့ ပင်ပန်းတယ်” လို့ ပြောပြပါတယ်။
ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုရမယ်၊ အခြားသူတွေနဲ့ အတူတွဲနေရမယ်ဆိုတာ သူ့အနေနဲ့ သိနားလည်ထားပေမယ့် ဘုရားဖူးခရီးစဉ်တလျှောက် တခြားဘုရားဖူးအဖွဲ့တွေကလည်း တော်တော်များများရှိနေ၊ သူတို့ရဲ့အဖွဲ့လည်း လူ ၁၀၀ ကျော် ပါလာတာမို့ စိတ်ကျဉ်းကြပ်ရတယ်လို့ သူကဆိုပါတယ်။
ဘုရားဖူးသွားရာနေရာတွေက ဂယာနဲ့ ဗာရာဏသီလို မြို့တွေမှာ ဟိုတယ်တွေ၊ အသင့်အတင့် အဆင့်အတန်းနဲ့ တည်းခိုခန်း တွေ ရှိပေမယ့် အမြတ်အစွန်းများများရရှိရေးကိုသာ ကြည့်တဲ့ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းတွေက ဘုန်းတော်ကြီးကျောင်းတွေမှာသာ တည်းခိုဖို့ စီစဉ်ကြတယ်လို့ ဆိုပါတယ်။
ဒီလို ခရီးသွားတွေ တအားများတဲ့အချိန် ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုဖို့ နေရာလပ်မရှိသေးဘူးဆိုရင်တော့ ဟိုတယ် တခုခုမှာ ညအိပ်ရပ်နားဖို့ စီစဉ်ပေးရမယ့်အစား ဘုရားဖူးအဖွဲ့တချို့ဟာ လမ်းမှာ တညလုံး အချိန်ဆွဲပြီး ရှေ့က ရောက်နှင့်နေ တဲ့အဖွဲ့ ထွက်သွားလောက်တဲ့အချိန်လောက်မှာမှ အဲ့ဒီမြို့ကိုဝင်တာမျိုးတွေ လုပ်လာတာကြောင့် ဘုရားဖူးတွေမှာ မလိုအပ်ဘဲ ပင်ပန်းကြရပါတော့တယ်။
ဘုရားဖူးအဖွဲ့တွေ အစုလိုက်အပြုံလိုက် ရောက်လို့ နေရာအခက်အခဲကြောင့် ဘုရားဖူးတွေ စိတ်ကျဉ်းကြပ်ရသလို ဘုန်းတော်ကြီးကျောင်းတွေက ဆရာတော် သံဃာတော်တွေအဖို့မှာလည်း ဘုရားဖူးအဖွဲ့တွေအတွက် စီစဉ်ကြပ်မတ်ရတာတွေမှာ အခက် အခဲ တွေရှိတယ်လို့လည်း ဗုဒ္ဓဂယာ ခရီးစဉ် လမ်းပြအဖြစ်လိုက်ပို့ပေးလေ့ရှိတဲ့ ဆရာတော်တပါးက မိန့်ပါတယ်။
Gaya_05_IMG_2801
ပရိနိဗ္ဗာန်စံရာ ကုသိနာရုံ စေတီတော်အတွင်းက ပရိနိဗ္ဗာန်ပြုနေဟန် လျောင်းတော်မူ ရုပ်ပွားတော် (ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)
ဘုရားဖူးတွေ တည်းခိုလေ့ရှိကြတဲ့ ဘုန်းတော်ကြီးကျောင်းတချို့မှာ အခန်းတွေ သန့်ရှင်းရေးလုပ်တာနဲ့ ချက်ပြုတ်ရေးရာတွေအတွက် အိန္ဒိယတိုင်းသားတချို့ကို တာဝန်ပေးထားတတ်ပေမယ့် အများစုကတော့ ကျောင်းက ဆရာတော်သံဃာတော်တွေကိုယ်တိုင် ၀ယ်ခြမ်းချက်ပြုတ်ရေးရာတွေကို လုပ်ကိုင်ကြပြီး ဘုရားဖူးအဖွဲ့ တဖွဲ့နဲ့ တဖွဲ့ အ၀င်အထွက် စိတ်တဲ့အချိန်တွေမှာဆိုရင်တော့ ဘုရားဖူးတွေအတွက် မပြည့်စုံမှုတွေ ဖြစ်ရတယ်လို့ ဆရာတော်က မိန့်ပါတယ်။
“ဟိုတုန်းက တဖွဲ့ကို လူ ၆၀ လောက်လာတော့ နိုင်နိုင်နင်းနင်းရှိပေမယ့် အခုက လူ ၁၀၀ ကျော် ၂၀၀ တွေဆိုတော့ ဘုရားဖူး တွေလည်း အေးအေးဆေးဆေး မဖူးရဘူး။ ဘုရားဖူးတွေ စုပြုံဝင်လာတဲ့အတွက် ကျောင်းတွေမှာ နေရေး စားရေးဆောင်ရွက်ပေး ရတာ အခက်အခဲတွေ၊ မပြည့်စုံမှုတွေဖြစ်ရတယ်” လို့ မိန့်ပါတယ်(ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)။
ဘုရားဖူးတဖွဲ့မှာ လူဦးရေများလေလေ အမြတ်အစွန်းပိုကျန်လေဆိုတော့ စီးပွားရေးကိုသာကြည့်တဲ့ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တွေက တဖွဲ့ထဲမှာပဲ လူဦးရေများများထည့်သွင်းလာကြသလို ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေက ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တွေက ကော်မရှင်ခတွေနဲ့ မက်လုံးပေးဆွယ်နေတာတွေ များပြားလာတယ်လို့ ဆရာတော်က မိန့်ပါတယ်။
“ဘုရားဖူး ၁၀ ယောက်ရရင် လေယာဉ်လက်မှတ်တစောင်၊ ဘုရားဖူး ၁ ယောက်ကိုခေါ်လာရင် ၃ သောင်း စသဖြင့်နဲ့ ဆွယ်ကြ တော့ လူစုတဲ့သူကလည်း လူများများရပြီးရောသဘောနဲ့ ဂယာသွားရင် ဘယ်လိုတွေ ကြုံရမယ် ဘယ်လိုနေရမယ်ဆိုတာကို မပြောပြကြတော့ ဒုက္ခတွေများတာပေါ့” လို့ ဆရာတော်က မိန့်ပါတယ်။
ဒါ့အပြင် ဘုရားဖူးတွေ အိန္ဒိယနိုင်ငံမှာ သုံးစွဲ၊ ၀ယ်ခြမ်းဖို့ ငွေကြေးလဲလှယ်ရာမှာလည်း မသမာတဲ့ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တွေက ရှိနေပြန်ပါသေးတယ်။ လက်ရှိ ဒေါ်လာငွေပေါက်ဈေးက ဒေါ်လာ ၁၀၀ ကို ရူပီး ၄၄၀၀၊ ရူပီး ၁၀၀ ကို မြန်မာငွေ ၁၈၀၀ ကျပ် ဖြစ်ပါတယ်။ ဒါကို ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းတခုက ငွေပေါက်ဈေးအောက် လျှော့ပြီး လဲပေးတဲ့အပြင်၊ ဘုရားဖူးတွေပါလာ တဲ့ ဒေါ်လာငွေတွေကို ပြင်ပငွေလဲလှယ်သူတွေဆီ လဲလှယ်ခွင့်မပေးဘဲ သူတို့ဆီမှာပဲ လဲလှယ်စေတယ်လို့ သိရပါတယ်။
ဘုရားဖူးရာသီအတွင်းမှာ လူဦးရေများတဲ့ ခရီးစဉ်တွေရှိနေတာကတကြောင်း၊ ဘုရားဖူးအဖွဲ့တွေက လေယာဉ်လက်မှတ်တွေကို ချုပ်ကိုင်ထားတာတွေက တကြောင်းတို့ကြောင့် သီးသန့်လာချင်တဲ့သူတွေ၊ ဂယာမှာ ရှိတဲ့ စာသင်သားရဟန်းတော်တွေ အကြောင်းတစုံတရာရှိလို့ မြန်မာနိုင်ငံကို ပြန်လိုတဲ့အခါမှာ အခက်အခဲတွေ တွေ့ရတယ်လို့ ဂယာက စာသင်သားဦးပဉ္ဇင်းတပါးက မိန့်ပါတယ်။
ဦးပဉ္ဇင်းက “ပရိုက်ဗိတ်အနေနဲ့ ၀ယ်ချင်ရင် ၀ယ်လို့မရဘဲ သူတို့ဆီက တဆင့်ဝယ်ရတော့ ဈေး ၂ ဆ လောက်တက်ကုန်တယ်။ အသွားအပြန် ဒေါ်လာ ၃၆၀ လောက်ကျတာကို ၇၀၀ လောက်ပေးဝယ်ရတယ်။ သူတို့အဖွဲ့နဲ့ လိုက်ရင်လိုက် မလိုက်ရင် အောက် ဈေးနဲ့ဝယ်ရတာပေါ့။ စီးပွားရေးကို လက်ဝါးကြီး အုပ်ထားသလို ဖြစ်နေတယ်” လို့ မိန့်ပါတယ်။
Gaya_06_IMG_3022
ဗာရာဏသီမြို့ မိဂဒါဝုန်ရှိ ဓမ္မစကြာ တရားဦးဟောရာ ဓမ္မရာဇိက စေတီတော်နေရာနှင့် ဓမ္မေခ စေတီတော်ကြီး (ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)
ဗုဒ္ဓဂယာ ဘုရားဖူးတွေ မဖြစ်မနေ ကြုံတွေ့ရတဲ့ ဒေသခံ အိန္ဒိယ တိုင်းသားတွေရဲ့ အန္တရာယ်ကလည်း ရှိနေပြန်ပါသေးတယ်။ ပစ္စည်းတွေ အလစ်သုတ်တတ်တဲ့ ကလေးငယ်လေးတွေအပြင် ဓာတ်ပုံသမား ကင်မရာသမားတွေဟာ ဘုရားဖူးတွေထဲက အသက်ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီးတော့ ဓာတ်ပုံလှလှ ရိုက်ပေးတာ၊ အမြန်ကူးပေးတာကနေ ခင်မင် အောင်လုပ်ရင်းက အမျိုးသမီးတွေ ကာယိနြေ္ဒပျက်ပြားအောင် နှောင့်ယှက်တာ၊ မတော်မတရားပြုမူခံရတာတွေကလည်း သတိထားရမယ့် အဖြစ်အပျက်တွေပါ။
ဗုဒ္ဓဂယာ ဘုရားဖူး ရောက်ဖူးသူတွေ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ရောက်ချိန်မှာတော့ ကြုံတွေ့ခဲ့ရတဲ့ ခရီးစဉ် အဆင်မပြေမှုတွေကို အချင်းချင်းပြန်ပြောပြလေ့ရှိတာမို့ ဗုဒ္ဓဂယာ ဘုရားဖူးသွားဖို့ကို စိုးရွံ့နေတဲ့သူတွေ၊ ဘုရားဖူးတခေါက်လာပြီး နောင်ဘယ်တော့မှ မလာချင်တော့လောက်အောင် ဖြစ်သွားသူတွေ ရှိပါတယ်။
ရန်ကုန်မြို့က အသက် ၆၀ အရွယ်အမျိုးသမီးကြီး တယောက်က “တကယ် တခေါက်ဆို တခေါက်ပါပဲ။ ပင်ပန်းလွန်းလို့ ဘုရား ဖူး သွားရတာ ဘာအကျိုးရခဲ့မှန်းကို မသိလောက်အောင်ပါပဲ။ အသိမိတ်ဆွေတွေက ဟိုကဒီက ကြားတာတွေရှိတော့ မသွားခင်တုန်းက တားကြတယ်၊ ဗုဒ္ဓဂယာသွားရင် သေတယ်ပေါ့လေ။ မသေရင်တောင် ရောဂါရလာတယ်ဆိုပြီးတော့ ကြောက်ကြ တယ်။ ဟိုမှာ ရာသီဥတုကအစ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ကြိုတင်သိထားရင် ကိုယ့်ဘက်ကလည်း ပြင်ဆင်စရာရှိ ပြင်ဆင်ရရင် ဒီလိုတွေဘယ်ဖြစ်မလဲ” လို့ ပြောပြပါတယ်။
ရန်ကုန်မြို့က ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းတခုကတော့ “ကျမတို့ကတော့ ခရီးသည်တွေ သွားချင်တဲ့အပေါ်၊ ခရီးစဉ်ဝယ်တဲ့ အပေါ်မှာမူတည်ပြီး ရောင်းပေးတာပါပဲ။ ခရီးသည်တွေအဆင်ပြေဖို့ အတတ်နိုင်ဆုံး လုပ်ပေးပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဂယာက မြန်မာဘုန်းတော်ကြီး တပါးကတော့ “ဘုရားဖူးပို့ဆောင်ပေးတယ်ဆိုတာ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ အလုပ်ပါ။ ကိုယ်က တန်ရာတန်ကြေး ယူထားပြီးပြီ ဒါကို မရောက်ဘူးတဲ့သူ၊ မသိနားမလည်တဲ့သူတွေအပေါ် ခေါင်းပုံပြန်ဖြတ်တာမျိုး၊ ဒီမှာတွေ့ရမယ့် ရာသီဥတုလို အခြေအနေတွေကို ရှင်းမပြဘဲ နေတာမျိုးတွေ မဖြစ်သင့်ဘူး၊ ဘုရားဖူးတွေအနေနဲ့ကလည်း အေးဂျင့်တွေပြောတာကိုပဲ မကြည့်ဘဲ ကိုယ့်ဘာသာ သေချာစိစစ်၊ ရာသီဥတု ဒေသန္တရအခြေအနေတွေကို အရင်စုံစမ်းသင့်တယ်။ အေးအေးဆေးဆေး ဘုရားဖူးရအောင် လူအများကြီးနဲ့ မသွားဘဲ ကိုယ့်အစုနဲ့ကိုယ်သွားတာမျိုးက ပိုကောင်းတယ်” လို့ မိန့်ပါတယ်။
ဗုဒ္ဓဘာသာဝင်တိုင်းဟာ ကိုယ်ကိုးကွယ်ရာဘာသာရဲ့အထွဋ်အမြတ်ဖြစ်တဲ့ သံဝေဇနိယ လေးဌာနကို တသက်မှာတခါ ရောက်ဖူး တယ်ဆိုရင် သေပျော်ပါပြီဆိုပြီး အရောက်သွားနိုင်ဖို့အတွက် ကြိုးစားကြရတာကြောင့် တခါရောက်ဖူးပြီးရင် နောက်တခေါက် မသွားချင်လောက်အောင် ငြိုငြင်စရာကောင်းတဲ့ ခရီးစဉ်မဖြစ်စေဖို့ ဘုရားဖူးလုပ်ငန်း အကျိုးဆောင်နေတဲ့သူတွေအနေနဲ့ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ လုပ်ငန်းဖြစ်အောင် ရှေးရှုလုပ်ဆောင်သင့်တယ်လို့ ဆရာတော်က မိန့်ဆိုပါတယ်။   ။
http://bur.irrawaddy.org//index.php/articles/2-articles/6300-2011-05-02-09-44-13
ဆိုက်မှကူးယူးထားသည်။
Saturday, October 29, 2011
ပြန်ခဲ့ပါတော့ သားတော် မောင်ပဉ္ဇင်းဘုရား
စာပေ ပရိယတ် ကျမ်းဂန် တတ်မှ 
မြင့်မြတ် ပေမီ ကြံတွေး ရည်၍ 
ထိုဤ မြို့သို့ သားတော်ပို့သည် 
လွမ်းလို့ နေရပါတယ်ဘုရား။  
ဖခမည်းနှင့် သားကြီးမယ်တော် နေ့စဉ်မျှော်၍
ပေါ်လာလိမ့်နိုး လာလိမ့်နိုးဖြင့် 
လက်ချိုးရေတွက် နေရပါတယ်ဘုရား။  
မြေးသားနုထွေး ငယ်နုသေးသည့် 
ကလေးအများ ချောင်းကြိုကြားမှာ 
ငါးရှာ ဖားရိုက် ကစားလိုက်နှင့် 
ငယ်ခိုက်ချိန်သေး စာနှင့်ဝေးသည် 
တွေးရင်း ရင်လေးနေမိပါတယ်ဘုရား။ 
ရပ်သူရွာသား လူအများမှာ 
တရားရေအေး တိုက်ကျွေးမည့်သူ မရှိမူ၍ 
လူသည် လူ့အသိ မရှိကြတော့ပါဘုရား.........  
သားတော်ငယ်ပေါင်း ရွာကကျောင်းမှာ 
ကျောင်းသားကိုပင် မတွေ့မြင်ခဲ့ 
ကိုရင် ဘယ်မှာ ဖြစ်ထွန်းပါလိမ့် 
သာမဏေ၀ါဝင်း မရှိလျင်းသော် 
ပဉ္ဇင်းဘယ်မှာ ဖြစ်ထွန်းပါလိမ့် 
ပင်မှာသတ်သတ် ခက်လက်မဖြာ 
သာသနာလျှင် ရောင်ဝါမလင်းနိုင်တော့ပါဘုရား။  
သာသနာရင်းမြစ် တောကဖြစ်လျှက် 
တောပစ် မြို့ပေါ် သားတော်ပျော်သည် 
တော်မတော်ပင် ကြံတွေးဆင်၍ 
လျှင်လျှင်မြန်မြန် တောရပ်ထံသို့ 
ပြန်ခဲ့ပါတော့ သားတော် မောင်ပဉ္ဇင်းဘုရား။
အမည်မသိ ဆရာတော်